Wednesday, September 9, 2009

PFingo

Pfingo ပီဖင်းဂိုး ဆိုတဲ့ စကားလုံးလေးဟာ ၂၀၀၈လောက်ကစပြီး အင်တာနက် အသုံးပြုသူတွေရဲ့ ပါးစပ်ဖျားမှာ ရေပမ်းစားလာလိုက်တာ ၂၀၀၉ နှစ်လယ် ရောက်တဲ့အထိလည်း ပျောက်ကွယ်မသွားတာကို တွေ့ရပါတယ်။ ပီဖင်းဂိုးလို့ ပြောလိုက်တာနဲ့ အင်တာနက် အသုံးပြုသူတွေ အတော်များများက သူ့ရဲ့တံဆိပ်ဖြစ်တဲ့ နှုတ်သီးရှည် ငှက်ကလေးကို ပြေးမြင်လိုက်ပြီး နားကျပ်နဲ့ မိုက်ခရိုဖုန်းကို ကောက်ကိုင်ဖို့ သတိရလိုက်ကြတော့တာပါပဲ။


ပီဖင်းဂိုးဆိုတာ ဘာလဲ

ပီဖင်းဂိုးဆိုတာ စင်္ကာပူအခြေစိုက် Starhub တယ်လီဖုန်း ကုမ္ပဏီကနေ တီထွင်လိုက်တဲ့ VOIP (Voice Over IP) ပရိုဂရမ်တစ်ခုပဲ ဖြစ်ပါတယ်။ အင်တာနက်ကို အသုံးပြုပြီး ကမ္ဘာတစ်ဝှန်းလုံးက လက်ကိုင်ဖုန်းတွေကို ဆက်သွယ်နိုင်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။


ပီဖင်းဂိုးဟာ အခမဲ့လား

ပီဖင်းဂိုးဟာ အခမဲ့ အသုံးပြုလို့ မရပါဘူး။ သူ့ကို အသုံးပြုချင်ရင် စင်္ကာပူနိုင်ငံမှာ နေထိုင်သူ တစ်ယောက်က Pfingo အကောင့်တစ်ခုကို ဖွင့်ပေးရပါတယ်။ အဲဒီအကောင့်ကနေ တဆင့် ဆက်သွယ်ရတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် VOIP အင်တာနက်ပေါ်က အသုံးပြုတဲ့အတွက် နိုင်ငံတကာတယ်လီဖုန်း ဆက်သွယ်ခ နှုန်းထားတွေဟာ အလွန်ပဲ သက်သာတာကို တွေ့ရပါတယ်။ ဟိုးအရင်ကဆို နိုင်ငံရပ်ခြား ခေါ်ဆိုခဟာ သာမန်တယ်လီဖုန်း လိုင်းတွေနဲ့ဆိုရင် ယေဘုယျ တစ်မိနစ်ကို တစ်ဒေါ်လာ ရှိခဲ့တယ် ဆိုရင်တောင်မှ ပီဖင်းဂိုးကနေ ခေါ်မယ်ဆိုရင် ဥရောပနိုင်ငံတွေကို တစ်မိနစ် စင်္ကာပူဒေါ်လာ သုံးဆင့်၊ အမေရိကကို တစ်မိနစ် လေးဆင့်၊ တရုတ်ပြည်ကို တစ်မိနစ် နှစ်ဆင့်၊ အရှေ့အလယ်ပိုင်း ဒေသတွေကို တစ်မိနစ် ဆင့်ငါးဆယ်အောက်၊ ဂျပန်ကို တစ်မိနစ် ဆင့်သုံးဆယ်၊ ထိုင်ဝမ်ကို ဆယ့်ငါးဆင့်၊ ဘရူနိုင်းကို ခုနစ်ဆင့်ခွဲ၊ မလေးရှားကို ခြောက်ဆင့်၊ ထိုင်းကို လေးဆင့်ခွဲ စသည်ဖြင့် သာမန်ဖုန်းလိုင်းထက် အလွန်တရာ သက်သာတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အခမဲ့ မဟုတ်ပေမယ့် အင်တာနက် အသုံးပြုသူတိုင်းက နိုင်ငံတကာနဲ့ ဆက်သွယ်ရာမှာ လက်ကိုင်ထားနေကြတာ ဖြစ်ပါတယ်။


ပီဖင်းဂိုးနဲ့ ဂျီတော့ခ် ဘာကွာခြားသလဲ

ဂျီတော့(ခ်)ဟာ IM (Instant Messaging Tool) လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဂျီတော့(ခ်)ဟာ အင်တာနက် အသုံးပြုနေသူ အချင်းချင်းသာ တိုက်ရိုက် ဆက်သွယ်ပြောဆိုလို့ ရတယ်။ ဂျီတော့(ခ်)ကနေ တယ်လီဖုန်းကို ခေါ်ဆိုလို့ မရသေးပါဘူး။ ဂျီတော့(ခ်) တစ်ခုထဲမှ မဟုတ်ပါဘူး၊ Yahoo Messenger, MSM (Microsoft Messenger) တွေဟာလည်း အင်တာနက် အသုံးပြုသူ အချင်းချင်းသာ ဆက်သွယ်လို့ရတဲ့ IM တွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံရပ်ခြားက လူတစ်ယောက်ကို စကားပြောချင်ရင် အဲဒီသူကလည်း အင်တာနက်လိုင်းပေါ်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ ပီဖင်းဂိုးလို VOIP စနစ်ကတော့ တစ်ယောက်ကသာ အင်တာနက်လိုင်းပေါ်မှာ ရှိနေရင် သူခေါ်ချင်တဲ့သူကို အင်တာနက်ကနေ တိုက်ရိုက် သူ့ရဲ့ဖုန်းကို လှမ်းခေါ်လို့ ရတာမျိုးပါ။ Gtalk လို IM တွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ချင်ရင် အသုံးပြုတဲ့ ID တစ်ခုကို သိဖို့ လိုအပ်ပါတယ်။ ပြီးရင် ကိုယ်ခေါ်ချင်တဲ့သူက ကိုယ့်ကို လက်ခံဖို့ (Accept) လည်း လိုအပ်ပါတယ်။ ပီဖင်းဂိုးကတော့ ကိုယ်ပြောချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို တကယ့်ဖုန်းလိုပဲ ရိုက်ထည့်ပြီး ခေါ်ဆိုရုံပါပဲ။ ဒီလို အင်တာနက်ကနေ တယ်လီဖုန်းကို တိုက်ရိုက်ခေါ်ဆိုနိုင်တဲ့အပြင် Gtalk လိုပဲ ပီဖင်းဂိုး အသုံးပြုသူ အချင်းချင်းလည်း Instant Messaging အနေနဲ့လည်း အသုံးပြုလို့ ရပါသေးတယ်။ Internet-Internet စကားပြောလို့လည်း ရတယ်။ Chatting လုပ်လို့လည်း ရတယ်။ ဒီလို ပီဖင်းဂိုးကနေ အခြားပီဖင်းဂိုး အကောင့်ကို တိုက်ရိုက် ခေါ်ဆိုတာမျိုးကျတော့ အခမဲ့ ဖြစ်ပါတယ်။ တယ်လီဖုန်းလိုင်းကို ခေါ်ဆိုမှသာ ပိုက်ဆံပေးရပါတယ်။ အင်တာနက် ချိတ်ဆက်ထားတဲ့ တယ်လီဖုန်းတွေဆိုရင် ကွန်ပျူတာမလိုဘဲ တယ်လီဖုန်းကနေပဲ ပီဖင်းဂိုးကို အသုံးပြုပြီး ဆက်သွယ်တာမျိုးလည်း ရှိပါတယ်။


VOIP ဆိုတာကရော ဘာလဲ

VOIP ဆိုတာက အင်တာနက် ဒါမှမဟုတ် ချိတ်ဆက်ထားတဲ့ Packet-Switched Networks တွေမှာ Internet Protocol (IP) ကိုအသုံးပြုတဲ့ အသံလွှဲပြောင်းရယူမှု ဆက်သွယ်ရေးစနစ် တစ်ခုပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ တယ်လီဖုန်းကလာတဲ့ Analog အသံတွေကို Digital စနစ်အဖြစ် ပြောင်းလဲပြီး IP Packet Signal တွေအနေနဲ့ ကွန်ယက်ပေါ်ကတဆင့် အခြားတစ်နေရာကို ပို့ခြင်း၊ ရယူခြင်း စတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။


VoIP စနစ်ရဲ့ အားသာချက်တွေ

VoIP စနစ်ဟာ အင်တာနက် ကွန်ယက်ကို အဓိက သုံးစွဲတာမို့ သာမန် တယ်လီဖုန်းလိုင်း ဆက်သွယ်ခ နှုန်းထားတွေနဲ့ မတူဘဲ ကုန်ကျစရိတ် သက်သာပါတယ်။ ပီဖင်းဂိုးလို VoIP စနစ်မှာ Softphone လို့ခေါ်တဲ့ ပရိုဂရမ် တစ်ခုကို ကွန်ပျူတာထဲ ထည့်သွင်းပြီး အသုံးပြုရုံနဲ့ သီးခြား တယ်လီဖုန်းတစ်ခု ထပ်ဝယ်စရာ မလိုဘဲ ကွန်ပျူတာကနေ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ ဒီစနစ်ကို တည်ထောင်သူတွေ ဘက်ကနေ ကြည့်ခဲ့ရင်လည်း Telecommunication စနစ်တစ်ခုအတွက် တပ်ဆင်ရတဲ့ အဖိုးနှုန်းထားတွေထက် ဒီ VoIP စနစ်က အကုန်အကျ သက်သာမှု အများကြီး ရှိပါတယ်။ သုံးစွဲသူတွေအတွက် စက္ကန့်၊ မိနစ်နဲ့ တွက်ချက်ပေးထားပေမယ့် တကယ်တမ်း အင်တာနက်ပေါ်ကနေ ဆက်သွယ်မှု ပြုလုပ်တဲ့အခါ ဒေတာပမာဏ ဘယ်ရွေ့ဘယ်မျှ သွားတယ်ဆိုတဲ့ (Bandwidth Usage) နဲ့သာ ကုန်ကျတာမျိုး ဖြစ်တာကြောင့် သာမန်ဖုန်းခေါ်ဆိုခထက် သက်သာတာလည်း ဖြစ်ပါတယ်။


ပီဖင်းဂိုးကို ဘယ်သူတွေ အသုံးပြုသင့်သလဲ

နိုင်ငံရပ်ခြားနဲ့ ဖုန်းအမြဲတမ်း ဆက်သွယ်နေရသူတွေ (ဥပမာ- ဟော်တယ်တွေ၊ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေ)၊ ကိုယ့်မိဘဆွေမျိုးသားချင်းတွေက နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေ၊ အင်တာနက်လိုင်း တစ်ခုထဲကို အသုံးပြုပြီး ဖုန်းအများကြီး ခွဲသုံးချင်သူတွေ စတဲ့သူတွေ အနေနဲ့ ပီဖင်းဂိုးကို စမ်းသုံးသင့်ပါတယ်။ အကျိုးအမြတ်ကတော့ ကိုယ်သာမန်ဖုန်းလိုင်းမှာ ကုန်ကျနေတဲ့ IDD စရိတ်တွေ အများကြီး သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။ အသံကြည်လင်မှုကတော့ ကိုယ်ချိတ်ဆက်တဲ့ အင်တာနက်က မြန်ဆန်တယ်ဆိုရင် တကယ့်ဖုန်းနဲ့ ပြောနေရသလိုပါပဲ။


ပီဖင်းဂိုးပြောလို့ရအောင် ဘယ်လိုလုပ်ရမလဲ

ကိုယ်က စင်္ကာပူမှာ ဆွေမျိုးသားချင်း ရှိတယ်ဆိုရင်တော့ သူတို့တွေက လုပ်ပြီးသားတောင် ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ ကိုယ်က အဲဒီလိုလည်း မရှိဘူး နိုင်ငံတကာနဲ့လည်း ဈေးချိုချို ဆက်သွယ်ချင်တယ်ဆိုရင် အခုအခါ မြန်မာပြည် အင်တာနက်ဆိုင်တွေမှာ Pfingo Service မပေးတဲ့ဆိုင် မရှိသလောက်ကို ဖြစ်နေပါပြီ။ ဆိုင်တွေအနေနဲ့ သူတို့ဘာသာ ပီဖင်းဂိုးအကောင့်တွေ ဖွင့်ထားတာမျိုး ရှိပါတယ်။ ဒါကြောင့် ကိုယ်က ပြောချင်ရင် သူတို့အကောင့်ကို သတ်မှတ်ထားတဲ့ ဈေးနှုန်းပေးပြီး ယူသုံးလိုက်ရုံပါပဲ။ ဆိုင်တွေမှာလည်း သွားမသုံးချင်ဘူး၊ ကိုယ့်ဘာသာ အိမ်မှာ အသုံးပြုချင်တယ် ဆိုရင်တော့ ပီဖင်းဂိုးအကောင့်ကို မိတ်ဆွေသူငယ်ချင်းတွေကနေတဆင့် ဖွင့်ခိုင်းရပါလိမ့်မယ်။ အဲဒီအခါ သူတို့က ကိုယ့်ကို Pfingo Talk No. နဲ့ Pin No. နှစ်ခုကို ပေးပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်ရဲ့ ကွန်ပျူတာမှာ PfingoTalk PC Softphone ဆိုတဲ့ ပရိုဂရမ်လေးကို သွင်းပြီး အခုန နံပတ်နှစ်ခုကို ရိုက်ထည့်လိုက်ပြီ ဆိုတာနဲ့ သင်ဟာ ကမ္ဘာတလွှားက မိတ်ဆွေသူငယ်ချင်းတွေဆီကို အဖိုးနှုန်းချိုသာစွာနဲ့ ခေါ်ဆိုနိုင်ပြီ ဖြစ်ပါတယ်။


သုံးသပ်ချက်

ဒီ Pfingo လို VoIP စနစ်တွေကို အသုံးပြုပြီး ဖုန်းခေါ်ဆိုတာကြောင့် တယ်လီဖုန်းကုမ္ပဏီကြီးတွေ အနေနဲ့ တယ်လီဖုန်းလိုင်းတွေကနေ ရရှိမယ့် ဝင်ငွေတွေ လျှော့ကျသွားနိုင်တယ်လို့ ယေဘုယျအမြင်နဲ့ ထင်နိုင်စရာ အကြောင်း ရှိပါတယ်။ ဒါပေမယ့် တဖက်က ပြန်လှည့်ကြည့်ရင် ဈေးကြီးတဲ့ နိုင်ငံတကာ ဆက်သွယ်မှု IDD ခေါ်ဆိုရမှုကြောင့် ပြည်တွင်းက နိုင်ငံခြားငွေ အများကြီးထွက်တာ၊ ပြီးတော့ ဒီလိုဈေးကြီးတဲ့အတွက် သုံးစွဲသူတွေ လျော့နည်းနေတာ၊ Telecommunication Infrastructure တွေအတွက် စရိတ်စက ကြီးမြင့်တာ၊ ကိုယ့်နိုင်ငံသားတွေ ပြည်ပခေါ်ဆိုမှု သက်သက်သာသာနဲ့ မပြုလုပ်နိုင်တာ စတဲ့ အချက်အလက်တွေကို ပြန်ထောက်ကြည့်မယ် ဆိုရင်တော့ အင်တာနက်လိုင်းကို အသုံးပြုပြီး တယ်လီဖုန်း မပိုင်ရင်တောင်မှ ဒီလို ဈေးသက်သက်သာသာနဲ့ ပြောဆိုနိုင်တဲ့ စနစ်ဟာ ပိုအောင်မြင်လာနိုင်တဲ့ စနစ်တစ်ခု ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဈေးသက်သာတဲ့အတွက် သုံးစွဲတဲ့သူ များလာမယ်။ ဈေးကြီးတာကို နဲနဲသုံးနေတာထက် ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့ဟာကို လူများများ သုံးလာခြင်းက စားသုံးသူတွေကို စွဲဆောင်နည်း တစ်ခုလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေဘက်က ကြည့်ရင်လည်း အကုန်အကျ နည်းနည်းနဲ့ ကမ္ဘာတစ်ဝှန်းလုံးက ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ အသိအကျွမ်းတွေနဲ့ ပိုမိုထိတွေ့ခွင့် ရလာနိုင်ပြီး ရင်းနှီးနွေးထွေးမှုတွေ ပိုလာနိုင်တာမို့ လက်ခံကြိုဆိုချင်စရာ အသုံးချ နည်းပညာတစ်ခုပဲ ဖြစ်တယ်လို့ ကောက်ချက်ချချင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီစာကို ဖတ်မိတဲ့အချိန်မှာ၊ သင့်မှာလည်း နိုင်ငံရပ်ခြားရောက် မိသားစုတွေ ရှိနေတယ်ဆိုရင် အင်တာနက်ဆိုင်ကို ပြေးလို့ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်က အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာနဲ့ဖြစ်ဖြစ် Pfingo ကိုအသုံးပြုပြီး စမ်းသပ်ဆက်သွယ်ကြည့်ကြဖို့ သတင်းစကား လက်ဆောင် ပါးလိုက်ပါတယ်။


Remark: People မဂဿဂဇင်း ဇူလိုင်လ အတွက် ရေးဖြစ်တဲ့ ဆောင်းပါးလေးပါ။

0 comments:

Post a Comment