Monday, August 31, 2009

ဇင်ဘာဘွေ နဲ့ မူဂါဘေ

ဇင်ဘာဘွေ နဲ့ မူဂါဘေ

ဇင်ဘာဘွေ က... ငါးသိန်း တန် နဲ့ ခုနစ်သိန်း ငါးသောင်းတန် ငွေစက္ကူ တွေ ထုတ်ဝေ လိုက်ပါ သတဲ့။


တသန်းတန် လည်း ထုတ်ဖို့ ရှိတယ်..လာမယ် တဲ့။ ဒုက္ခပဲနော်။ ငွေဖောင်းပွ မူ က.. ဟိုက်ပါ လို့သုံးရအောင် ကို အလွန့်အကျွံ ဖြစ်နေ ပါပြီ။ ရာခိုင် နှုံး တသိန်း ကျော် ပြီတဲ့။ ဘုရား ရေ..။ ကိုယ်တို့ထက် တောင် ဆိုးနေပါရောလား။ ကမ္ဘာပေါ်မှာ သက်တမ်း အကြာဆုံး အာဏာရှင် ကြီး တယောက် ဖြစ်တဲ့ ရောဘတ် မူဂါဘီ ကတော့.. မျောက်မျက်နှာ ရှေ့ ထားလို့.. ခပ်တည်တည်ပါပဲ။ အမယ်..သူက..သတ္တိတော့ရှိသား။ ကုလ သမဂ္ဂ ..နယူးယောက် ထိ တောင်လာပြီး.. စကားတွေ ဘာတွေ ပြောလို့။ ပြည်သူတွေ ရှေ့လည်း..ခဏခဏ တော့ ထွက်သား။ ဘာတွေ ပြောလည်း တော့ မသိ။ သူ့နောက်မှာ တော့..အ၀တ် ဆိုင်းဘုတ်ကြီး တွေ ထောင် လို့... Mugabe is right ! တဲ့။ ခပ်တည်တည်ပဲ။




ကိုယ်တို့ မြို့လေး မှာလည်း..ဒီ နှစ် ထဲ ..ဇင်ဘာဘွေသား တွေ..တဖွဲ ဖွဲ ရောက်လာ နေကြတယ်။ မိုင်း မြို့ ဆိုတော့..တက္ကနစ်ရှန် တွေ အများ ကြီး ခေါ် တာကိုး။ တက်နေ ကျ..ဘုရားကျောင်း လေး မှာ ဆို..တပတ် လောက် မသွား လိုက်နဲ့။ နောက်တပတ် ဆို.. ဇင်ဘာဘွေ မိသားစု မျက်နှာသစ် တွေ ရောက်လာ ပြန် ပြီ။ ထုံးစံအတိုင်း..သူတို့က..သီချင်းဆိုလဲ..အားရ ပါးရ။ ဘုရား ဆုတောင်းလည်း.. အသည်းအသန်။ ခုန်လိုက်..အော်လိုက်.. လဲကျလိုက်..။ နောက် နှစ်လောက် ဆို..အော်စီ တ၀က်..ဇင်ဘာဘွေ တ၀က်တောင် ဖြစ်တော့မယ် ထင်တယ်။ အေရှန် ဆိုလို့ ကိုယ်တို့ပဲ ရှိတယ်။

ထုံးစံအတိုင်း..ကိုယ်ကတော့..စကား စပ်ရင်.. နိုင်ငံရေးလေး တွေ ဘာလေးတွေ..မေးတတ် တော့..ဘိုးတော်က သတိပေးတယ်။ နင်ကလည်း..ဇင်ဘာဘွေ က ထွက် လာတိုင်း.. အာဏာရှင် ဆန့်ကျင်ရေးသမား လို့ ထင်မနေနဲ့.. သတိ ထား ပြော ဆိုလို့..နောက်ပိုင်း ကြည့်ကျက် မေး ရတယ်။ ကိုယ့်နဲ့ အရမ်း ခင်တဲ့..ဆေးရုံ က..သူနာပြု ဆရာမ တယောက် ကတော့.. ပြောရတာ ကီးကိုက် တယ်။ သူ့ အဖေ က.. သူငယ်ငယ်ထဲက..အိမ်က ပါသွား ပြီး..ပြန်ရောက်မလာ တော့ဘူးတဲ့။ လူတွေမှာ..စားစရာ မရှိ လောက်အောင်ကို ဒုက္ခရောက် နေကြတယ် တဲ့။ သတင်း တွေမှာ လည်း တွေ့မိ တယ်။ ဈေးဆိုင် တွေ က..စင်တွေပေါ်မှာ ပြောင်တလင်းခါ နေတာပဲ။ နေ့စဉ် နေ့တိုင်း..နယ်စပ်မျဉ်း ကို ကျော် ပြီး.. အိမ်နီးချင်း တောင်အာဖရိက ထဲကို ခိုးဝင် နေတဲ့ သတင်းဗီဒီယို တွေ ဆို.. မတွေ့ချင် မှ အဆုံး။

တခါ..ကြည့် လိုက် မိတာ.. သတင်းထောက်က.. အဲဒီ လူတွေနဲ့ အတူကို..လိုက် ခိုးဝင် ပြီး.. တလျှောက်လုံး..မှတ်တမ်းတင်ထားတာ။ လူ တွေက..နယ်စပ် သံဆူးကြိုးကျော် တာနဲ့..ဖုတ်ဖတ်ခါ ပြီး ပြေး ကြတော့တာပဲ။ ဘာမှ မပါဘူး..။ အ၀တ်တထည် ကိုယ်တခုနဲ့..အနီးအပါးက..ရွာ အလည်သွားတဲ့ အတိုင်း။ ဟိုဖက် တောင်အာဖရိက..နယ်စပ် ရဲ တွေ နဲ့ တိုး တော့လည်း..သွားလေးတွေ အကျဲသား နဲ့..ဇက်ကလေး တွေပု ပြီး ပါသွား ပြန်တာပဲ။ ချက် ချင်း..သူတို့ကို..ရထားတွဲ ကြီး နဲ့.. ပြန်ပို့။ အော်..သူတို့က.. ယိုးဒယားတွေ..ဗမာ သွန်သလို...နယ်စပ် မျဉ်း ကျော် ရုံလေး သွားသွန် တာ မဟုတ်ဘူးနော်။ ချက်ခြင်း ပြန် တက် လာဖို့ မလွယ် အောင်..ဟိုး..အတွင်းကျ ကျ မြို့ တခု အထိ ရောက် အောင် ..တကူးတက..လာသွန်တာ။ ညကူး ပြီး ခုတ် ရတဲ့..ရထား ခရီး ဆိုတော့...ငိုအားထက် ရယ်အားသန်.. ညဖက် ရောက် ရင်...ရဲက..အကုန်လုံး ကို.. ခုံတွေ အောက်.မှာ. အပေါ်က..လက်ဂိတ်စင် တွေ ပေါ် မှာ တက်ပြီး..ပုနေ အောင် အိပ်ခိုင်း တာ။ မူကြို ကျောင်းက..ကလေး တွေ.နေ့လည် အိပ်ခိုင်းသလို..။ မျက် လုံးလေး တွေ ..ပေကလပ် ပေကလပ် နဲ့။ တံခါး တွေ အကုန် လိုက်ပိတ်။ ဘာဖြစ်လို့လည်း ဆိုတော့.. ညဖက် မှောင် မှောင် ထဲ..ခုန်ချ ပြီး..ပြန် ၀င် တတ်ကြလို့တဲ့။ သူတို့ကို..အရေး မယူပေမဲ့.. ဝေးဝေးလံလံ ပြန်ပို့တော့..နောက်တခါ..နယ်စပ် ရောက် အောင်လာဖို့..ခရီးစရိတ် ကုန် ဦး မယ်လေ။ အမယ်..သတင်းထောက်ကလည်း..တညလုံး မအိပ်ပဲ..ခိုးကြောင် ခိုးဝှက် လိုက်ရိုက်တာ.. တချို့ လဲ..ခုန်ချ လွတ်သွား ကြတယ်။ မနက် အလင်းရောင် လာ လို့..တွဲစောင့် ရဲက..လိုက် ရီတော့.. ညက.. ၁၀ ယောက် ပျောက်သွားတယ်တဲ့။ တွဲစောင့်ရဲ လည်း.. မြိုးမြိုး မျက် မျက် လေး တော့..နေ့တွက် စီ သွား မပေါ့။

နောက်ဆုံး.. သွန် နေကျ..ဆုံရပ် ကို ရောက်တော့..အားလုံး ဆင်း.. ။ အာဏာပိုင် တချို့က..မှာတမ်းချွေ ပြီး... လူစု ခွဲ ကြတော့.. သတင်းထောက်က.. လျှာထိုးဦးထုပ် နောက်ပြန် ဆောင်းထားတဲ့..အသက် ၂၀ လောက် ကောင်လေး တယောက် ကို ..ဗျူးတယ်။ တောင်အာဖရိက..ထဲကို ပြန်သွားဖို့..အစီအစဉ် ရှိ ပါသေးသလား တဲ့။ ဟိုက.. ရှိပါတယ်တဲ့။
ဘယ်တော့လောက် ပြန်သွားအုံးမလဲ..ဆိုတော့...မနက်ဖြန် တဲ့။ ကဲ..ကောင်းရော။

သူတို့ အခြေ အနေကလည်း..ကိုယ်တွေ ထက် တောင် ဆိုးမလားပဲ။ ဒုက္ခနော်.. အဆိုးပြိုင် နေရ တဲ့..ဘ၀ ရောက် နေပြီ။ ဘာပဲ ပြောပြော.. တခါ တလေ တော့.. တချို့ ဇင်ဘာဘွေ တွေနဲ့..ရှဲ လို့တော့..တယ်ကောင်းနေတာပဲ။ ညနေခင်း တီး နဲ့ မြည်းစရာ တခု ကို ရလို့။


တလောက တော့.. တော်တော်ချမ်းသာ တဲ့..ဗမာ မိတ်ဆွေ တယောက် အိမ်ဝယ်ဖို့..လျှောက်ကြည့်တာ..လိုက်ပို့ရင်း.. ဒေါ်လာ ၆ သိန်းတန် အိမ် တခု ဖွင့်တယ် ဆိုလို့..ရောက်သွားတော့..အမယ်.. ဘုရားကျောင်း က..ဇင်ဘာဘွေ..လင်မယားတတွဲ ကိုသွား တွေ့တယ်။ ဟိုင်း..ဘာညာ နှုတ် ဆက် ပြီး... ဘိုးတော် နဲ့..၂ယောက်သား..ခပ်ကြိတ်ကြိတ်..ဟာသ လုပ် မိလိုက်တယ်။`သူတို့လည်း..မူဂါဘီ ရဲ့ အမျိုးထင်တယ်..´ လို့။

မြန်မာပြည်၏ နောက်ဆုံးမိဖုရား


စုဖုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးသောဘုရင်၏ မိဖုရားဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး မဟေသီပင်ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။

မင်းတုန်းမင်း၏ အလယ်နန်းစံမိဖုရားဖြစ်သော ဆင်ဖြူမရှင်မှ စုဖုရားလတ်အား အေဒီ ၁၈၅၉ တွင် ဖွားမြင်သည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ စုဖုရားလတ်သည် အလတ်မ ဖြစ်သည်။ အကြီးဆုံးမှာ မိုင်းနောင် စုဖုရားကြီးနှင့် ရမည်းသင်း စုဖုရားလေးတို့ ဖြစ်ပါသည်။

နန်းတွင်း အရှုပ်တော်ပုံများကြောင့် မင်းတုန်းမင်းသည် မိမိ၏ သားတော်များအား အိမ်ရှေ့စံမတင်ဘဲ တိုင်းပြည်ရေးရာတွင် မိမိနှင့်အတူ တက်ကြွစွာပါဝင်လုပ်ဆောင်သော ညီတော် ကနောင်မင်းသားအား အိမ်ရှေ့စံမင်းသားအရာ ပေးအပ်လေသည်။ ဥာဏ်ရည်စွမ်းပကားမြင့်မားမှုရှိသော ကနောင်မင်းသားအား နန်းတွင်း အမတ်များနှင့် မှူးမတ်အချို့မှာ ကျေနပ်မှု မရှိကြ။

ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ၀န်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားနှင့် သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေ၀ီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ ဒိုင်းခင်ခင်အား အဓမ္မနည်းဖြင့် ဖြတ်တောက် ကွယ်ပျောက် စေခဲ့ သည်။

စုဖုရားလတ်သည် နန်းတွင်းရှိ မိမိနှင့်ပုလဲနံပသင့်သော အမှုထမ်း၊အရာထမ်းများအပါအ၀င် ဇာတ်သဘင်၊ မင်းသမီး မင်းသားတို့ကို ငွေကြေးဆုလာဘ်များ များပြားစွာဆုချလေ့ရှိကြောင်းကို အနောက်တိုင်း သုတေသီများက ယခုလို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည် ။
She has given great quantities of presents to people she liked and one of her amusements on stage occasions or fete days was to sit on the dias, with a great pile of money before her, and to call people up to take as much as they could carry in their two hands.
(The Pagoda War,Pg.65)

တစ်လင်တစ်မယားစနစ်ကို ဦးစွာတည်ထောင်ခဲ့သူအမျိုးသမီးမှာ စုဖုရားလတ်ပင်ဖြစ်သည်။ သူမသည် လင်ယောက်ျားဖောက်ပြန်သော အမှုမျိုးများတွင် ပြင်းထန်စွာအရေးယူလေ့ရှိသူပင်ဖြစ်သည်။မိခင် ဆင်ဖြူမရှင် နှင့် နန်းတွင်းမှူးမတ်ပညာရှိတို့ကို အာခံကာ နန်းတွင်လူမိုက်များအားကိုးဖြင့် ငါတကော ကောခြင်း၊ ၁၈၇၉ ဖေဖော်ဝါရီလတွင် သွေးချောင်းစီးသော နန်းတွင်းလုပ်ကြံမှုကြီးအရေးအခင်းတွင် အသက်ပေါင်းများစွာ ပေးခဲ့ရခြင်း၊ တကယ် နားမလည်ဘဲ နိုင်ငံခြားသံတမန်ကိစ္စများတွင် ၀င်ရောက်ခြယ်လှယ်ခြင်း၊ အသုံးအစွဲ ကြီးမားခြင်းတို့ကြောင့် တိုင်းပြည်သည် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်အဖြစ်သို့ ရောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်သူများ ဆင်းရဲ နွမ်းပါးကာ သူခိုး ဓါးမြများ ထကြွသောင်းကျန်း၍ တိုင်းပြည်သည် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း ရရှိပြီးသော နယ်မြေထက် ပိုပြီးလိုချင်ကာ ပြင်သစ်ထက် လက်ဦးမှု ရယူလိုနေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း စုဖုရားလတ်တို့မှာ ပဒေသရာဇ်စနစ်၏ အရသာကို မက်မော နေပြီဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို တတ်ကျွမ်း နားလည်မှုမရှိသော သူမ ၊ ဘာကိုမှ ပြင်ဆင်မှု မရှိခဲ့ပေ။ နွားခြေရာခွက်မှ ဖားသူငယ် ပင်လယ်ကို မမြင်ဖူးသကဲ့သို့ ဖြစ်ချင်ရာဖြစ် မင်းမိန့်အာဏာ အသုံးပြုကာ ဇွတ်အတင်း ဆက်လက်ပြုလုပ်ခဲ့သည်။

၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊မိဖုရား မိသားစုနှင့် အသိုင်းအ၀ိုင်းတို့ကို တင်ဆောင်ကာ မန္တလေး ဂေါဝိန်ဆိပ်မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြတောင်ဘုန်းကြီးကျောင်းတိုက်ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။

၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်ဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီး လေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့်အိမ်ထောင်ပြုခဲ့ သည်။

တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချို ရောဂါဖြင့် နတ်ရွာစံခဲ့သည်။ စုဖုရားလတ်မှာ မြန်မာပြည်သို့ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘ၀ဖြင့် နေထိုင်သွားကာ ၁၉၂၅၊ ဒီဇင်ဘာတွင် ရိုးစင်းစွာ ဇာတ်သိမ်းခဲ့သည်။

စုဖုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက မိဖုရား မွေးဖွာကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဖုရားလတ်၏ သချိင်္ုင်းကို ရွှေတိဂုံ ဘုရားတောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင် တွေ့မြင်နိုင်ပါသည်။

ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ နန်းမတော်မယ်နု၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဖုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေ၀ီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။

ထိုမိဖုရားများ လက်ထပ်ပေါင်းသင်းခဲ့သော ဘုရင်အသီးသီးတို့မှာလည်း တစ်နည်းမဟုတ် တစ်နည်း၊ စိတ်သဘောထား နူးညံ့သိမ်မွေ့သူများနှင့် ဘာသာတရား ကိုင်းရှိုင်းသော ဘုရင်များဖြစ်နေသည်ကို တွေ့ရှိရပြန်သည်။ ဆိုရသော်…… ထိုသို့ ပြည်တွင်းပြည်ပ တိုင်းပြည်ရေးရာတွင် ဦးဆောင်မှုမပြုနိုင်သော ဘုရင်များဖြစ်ကြသည့်အတွက် မိန်မသား မိဖုရားများက စိတ်မကျေနပ်၍ ကိုယ်တိုင် မကျွမ်းကျင်ပဲ ၀င်ရောက် စွက်ဖက်ကြသည်ကို တွေ့ရပြန်သည်။ တစ်ဖက်၌လည်း ပြန်ကြည့်သော် ဤသို့ချယ်လှယ်ရန် ထိုမိဖုရားများက စီရင် စီမံခဲ့သည်ကို တွေ့ရပြန်၏။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ၊ ဘုရင်များအနေဖြင့် ပင်ကို ထက်မြက်၍ ဦးဆောင်မှုပြုလုပ်နိုင်ပါလျှင် မိမိတို့၏ မဟေသီ၊ဒေ၀ီ၊ ဧကရီများကို ပါဝင်လှုပ်ရှားခွင့် ပေးလိမ့်မည် မဟုတ်ပါ။

ပြန်ကြည့်လျှင် စုဖုရားလတ်သည် သီပေါဘုရင်၏ မိဖုရားခေါင်ဖြစ်လာချိန်တွင် နန်းတွင်းရေးရာနှင့် ပြည်တွင်းပြည်ပ ကိစ္စများစွာတို့ကို ပါဝင်လုပ်ဆောင်ရန် အတွေ့အကြုံ အလွန်နုနယ်ချိန်ဖြစ်သည်။ မိမိ အကျိုးစီးပွားကိုသာ မြင်ပြီး ပတ်ဝန်းကျင်မှ မြှောက်ထိုး သွေးထိုးခြင်းကို အလွယ်တကူယုံကြည်သော သတိ မရှိသူလည်း ဖြစ်ခဲ့သည်။ ပညာရှိ လူကြီးသူမအပြင် မိခင်၏ စကားကိုပါ မနာယူခဲ့ပါ။ ဘုရင့်မဟေသီဂုဏ်ဖြင့် နန်းဓလေ့စည်းကမ်းများကို ချိုးဖောက်ပြီး၊ အလိုရမ္မက်ကြီးကာ ကျေးဇူးမသိတတ်သော စုဖုရားလတ်သည် ကမ္ဘာ့သမိုင်းနှင့်ယှဉ်လာရသောအခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံသာမက မိမိနှင့် ကြင်ရာတော် သီပေါမင်း အပါအ၀င် တိုင်းပြည်တစ်ခုလုံးကို နယ်ချဲ့လက်သို့ ပုံအပ်ခဲ့ရသည်။

ဘယ်လိုဖြစ်ဖြစ် စုဖုရားလတ်သည် မြန်မာပြည်၏ ရာဇ၀င် သမိုင်းကြောင်းတွင် သူမ၏ အတ္တ၊ မာန တို့ကြောင့် မြန်မာပြည်အား နယ်ချဲ့လက်သို့ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုးခြင်း ခံခဲ့ရသူပင် ဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံးမိဖုရားဖြစ်သူ၏ သမိုင်းကြောင်းမှာ အလွန်းဆိုးရွားစွာ တွေ့မြင်ရပေသည်။

လင်းဦး(စိတ်ပညာ)

လက်နှီးစုတ်လား ၊အ၀တ်ဖြူစလား ။


သောဝစဿတာ ဧတံမင်္ဂလမုတ္တမံ။
ပြောဆိုဆုံးမလွယ်ကူခြင်းသည်
မြတ်သော မင်္ဂလာမည်၏။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို
ပြောကြားလာက နာလွယ်စေ။

တစ်ခါတုန်းက ဘုရားအလောင်းဟာ ရသေ့ရဟန်းဝတ်ပြီး တောမှာနေနေပါတယ်။ တစ်နေ့တော့ ဆွမ်းခံက အပြန် ရေကန်တစ်ကန်ထဲ ဆင်းပြီးရေချိုးရင်း ကန်ထဲက ပဒုမ္မကြာကို နမ်းလိုက်ပါတယ်။

ဒါကို ရေကန်စောင့်နတ်သမီးက တွေ့သွားပြီး ...
ရဟန်း...ပိုင်ရှင်မပေးပဲ ကြာပန်းကို နမ်းတာဟာ ခိုးခြင်းအင်္ဂါတွေထဲက တစ်ခုပဲဒါကြောင့် သင်ရဟန်းဟာ နံ့သာသူခိုးပဲ။ လို့ ပြစ်တင်စွပ်စွဲပါတယ်။

အဲဒီတော့ ရဟန်းက...

နတ်သမီး...ငါဟာကြာပန်းကို ယူလည်းမယူ၊ ချိုးလည်းမချိုး အဝေးကနမ်းတာပါ။ ဘာလို့ ငါကို နံ့သာသူခိုးလို့စွပ်စွဲတာလည်း စောစောစောက ယောက်ျားတစ်ယောက်ဟာ ရေကန်ထဲဆင်းပြီး ကြာစွယ်၊ ကြာပန်းတွေ ကို ချိုးဖျက်ယူတယ်။ အဲဒီ ပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ ကြာသူခိုးလို့မပြောတာလဲ...

နတ်သမီးက ခြေတစ်လှမ်းတိုးရင်း လေသံပြင်းပြင်း မျက်နှာထားတည်တည်နဲ့...

ရဟန်း...မကောင်းမှုမျိုးစုံကို ပြုနေကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ သူတွေဟာ အညစ်အကြေး အထပ်ထပ်ပေကျံနေလို့ လက်နှီးစုတ်လိုပဲ ထပ်မံပေကျံလည်း ထူးပြီး မသိသာတော့ဘူး။ ဒီအတိုင်းပဲ အကုသိုလ်အညစ်အကြေးစုံ ကပ်နေတဲ့ သူမှာ နောက်ထပ်အညစ်အကြေး တစ်ခု ထပ်ကပ်လည်း ထူးပြီး မသိသာတော့ဘူး။ အဲတော့ ထို ပုဂ္ဂိုလ်မျိုးကို ငါ့အနေနဲ့ ဘာမှ မပြောလိုဘူး၊ သင်ရဟန်းကိုသာ ပြောချင်တာ၊ စင်ကြယ်မှုကို ရှာမှီးသူတို့သည် သားမြီးဖျားလောက်ရှိတဲ့ မကောင်းမှုကိုလည်း တိမ်တိုက်လောက် သဘောထား ရတယ်...

ရဟန်းက နတ်သမီးဥပမာနဲ့ပြောလိုက်တဲ့စကားကို သဘောကျသွားပါတယ်။ ဒါကြောင့်...

နတ်သမီး...သင်ဟာ ငါ့ကို စင်ကြယ်သူလို့ အသိအမှတ်ပြုတယ် ပြီးတော့ သတိပေးစောင့်ရှောက်တယ်။ တကယ်လို့များ နောင်အခါ သင့်မျက်လုံးထဲမှာ အမြင်မတော်တာ ရှိခဲ့ရင် အခုလိုပြောဆိုပေးပါ...

ရဟန်း ..ငါဟာ သင့်ကိုအမှီပြုပြီး အသက်မွေးနေတာ မဟုတ်။ သင့်ရဲ့အခစားမဟုတ်၊ ဘယ်လမ်းဟာ သုဂတိသွားတဲ့လမ်း ဆိုတာ သင်သိတယ်။ သိတဲ့အတိုင်း ကိုယ်တိုင်ပဲသွားပါ၊ ငါကို အားမကိုးပါနဲ့...နတ်သမီးက စကားထန်ထန်လေးသုံးပါတယ်။(နတ်သမီးက ရဟန်းကို ခပ်ဆတ်ဆတ်လေးပြောလိုက်ပေမဲ့ ပြောလွယ်ဆိုလွယ် ရှိတဲ့ ရဟန်းကို စိတ်ထဲက ကြည်ညိုနေပါတယ်။)

ထိုအခါ ရဟန်းက ကျေးဇူးတင်ပါတယ် နတ်သမီး အခုလို သတိပေးတာကို ပဲ...ဟုဆိုကာ နတ်သမီးရဲ့ဆုံးမမှုကို အခြေခံပြီး တရား ကြိုးကြိုးစားစား အားထုတ်လိုက်ရာ ဈာန်တွေရသွားပြီး ဗြဟ္မာ့ပြည်ကို လားရောက်ခဲ့ရပါတယ်။ (သိင်္ဃပုပ္ဖဇာတ်)

ထိုဇာတ်ဝတ္တုလေး ကအတိုင်း ဓမ္မပဒမှာ လည်း အပြစ်ပြဆုံးမသူကို ရွှေ့အိုးပေးသူလို့ သဘောထားရမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ရှင်ရာဟုလာ ဆိုတဲ့ ကိုရင်လေးက သဲကို လက်နဲ့ ဆုပ်ပြီး ဤသဲလုံးနှင့်အမျှ ငါ့ကိုဆုံးမမည့်သူရလျှင် ကောင်းလေစွ လို့လည်း ဆုတောင်းလေ့ရှိပါတယ်။ ကိုယ့်အပြစ် ကိုယ့်အားနည်းချက် ကို သိချင်စိတ်ရယ် သိပြီး ပြင်ချင်တဲ့စိတ်ရယ် ပြင်ပစ်တဲ့ စိတ်ရယ် အဲဒါတွေဟာ စိတ်ဓာတ် အရည်အသွေးမြင့်မားဖို့အတွက် အထောက့်အပံ့တွေပါ။

ကဲ...လက်နှီးစုတ်လား...အ၀တ်ဖြူစလား။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

တခွန်း သူ့  ကို ပြောလိုက်ပါ။




(အောက်မှာ ဖော်ပြထားတဲ့  စာပိုဒ်စု ဟာ ကျနော် ရေးသားထားခြင်း မဟုတ်ပါ။ စာရေးဆရာ ဖေမြင့် ရဲ့  အားပြင်းတဲ့  မြှားးတစင်း စာအုပ်ကနေ ထုတ်နှုတ်ဖော်ပြထားခြင်းသာ ဖြစ်ပါ တယ်။
ကျနော် ဟာ ရဲစွမ်းသတ္တိနဲ့  ကိုယ်ကျိုးစွန့် လွှတ်မှု အရာမှာ စာဖွဲ့  လောက်သူ စာရင်း မဝင် ပါ။ သို့ သော် စာဖွဲ့ လောက်သူများကို လေးစားသည့် အထဲမှာတော့ ရှေ့  တန်း ၊ အလယ်လူ အဖြစ် စာရင်းပေးသွင်း လိုပါတယ်။
ဒီစာစုကို ဖော်ပြခြင်းဟာ ကမ္ဘာ မြေပြင်မှာ အများအကျိုးအတွက် ဝံ့ဝံ့စားစား ကိုယ်ကျိုး စွန့်  အနစ်နာခံသွားသူများ ။ ခံနေ သူများကို ဦးညွှတ် ဂုဏ်ပြု လိုရင်း ဖြစ်ပါတယ်။
အထူးသဖြင့်  မှန်ကင်းအစစ်ကနေ ထင်းဖြစ်နေရတဲ့  အမိမြန်မာပြည်ကြီး ဘဝမှန် ပြန်ရရေး အတွက် ရဲ့ ဝံ့စွာ ကိုယ်ကျိုး စွန့် သွားကြ။ စွန့် နေကြတဲ့  ကမ္ပည်းဝင်သူ၊ မဝင်သူ အားလုံး ကို ညွှန်းဆို အပ်ပါတယ်။)

။။။။။။။။။။။။။။။။။။။။။။။

တခွန်းသူ့ ကိုပြောလိုက်ပါ။

။။။။။။။။။။။။။။။။။။။။။။။

ရဲစွမ်းသတ္တိသာမက ကိုယ်ကျိုးစွန့် အနစ်နာခံမှု တွင်ပါ စံတင်ခဲ့ ရသူတွေ သမိုင်းထဲမှာ ရှိသည်။
နမူနာတခုက သာမော်ပီလေး သူရဲကောင်းများ ဂရိကျွန်းဆွယ် အလယ်ပိုင်း အရှေ့  ဖက်ကမ်း ရိုးတန်း တနေရာတွင် သာမော်ပီလေး(Thermopylae) တောင်ကြားဟု အမည် ရသည့် သမိုင်းဝင်နေရာတခု ရှိသည်။
ထိုနေရာ၌ ကျောက်စာတိုင်တတိုင် စိုက်ထူထားသည်။ ကျောက်စာတိုင်၌

Go tell the spartans , thou that passeth by , That here obedient to their laws , we lie.

အဆွေ ခရီးသွား အမှာစကား ပါးပါ ရစေ။ စပါတာ၏ အမိန့် ဥပဒေများကို စောင့်ထိန်းလိုက် နာကာ ကျွနုပ်တို့  ဤနေရာ၌ လဲလျောင်းခဲ့  ကြပြီဖြစ်ကြောင်း စပါတာတို့ အား ပြောကြား ပေးပါလေ။

ဟူ၍ အဓိပ္ပါယ် ရသည့် ကမ္ပည်း စာတခု ရေးထိုးထားသည်။
ကျောက်စာတိုင်ကား တရံရောအခါ က ဂရိအမျိုးသား တရပ်လုံးအတွက် မိမိတို့ အသက်ကို ပေးလှူသွားခဲ့သည့် စပါတာ မြို့  နိုင်ငံခေါင်းဆောင် (ဘုရင်) လီယွန်နီဒပ်(စ်) (Leonidas) နှင့် နောက်ပါစစ်သည် သုံးရာတို့ ၏ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးစွန့်  အနစ်နာခံသည့် စိတ် ဓာတ်ကို ထာဝရမော်ကွန်းတင်ရန် အလို့ ငှာ စိုက်ထူခဲ့ခြင်း ဖြစ်သည်။

ကျောက်တိုင်ပါ ကမ္ပည်းစာကို ဖတ်ရှုပွားများကာ အင်္ဂလိပ်စာရေးဆရာကြီး ဂျွန်ရပ်စကင်း က လူသားတို့ နှုတ်မှ မြွက်ဟ ဘူးသမျှ အထဲတွင် ဂုဏ်ကျက်သရေ အရှိဆုံး စကားလုံးစု ပေ တည်း ဟု မှတ်ချက်ချခဲ့သည်။


ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောင်္တထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့ သည် (City state ) မြို့ တမြို့  တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို့ သော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို့  စစ် ချီလာပြီ ဆိုသည့် အခါ မြို့ နိုင်ငံ အများစုပေါင်း ၍ ခုခံရန် ပြင်ဆင်ကြသည်။
ထိုအခါ ဂရိပြည် မြောက်ပိုင်းမှ တောင်ပိုင်းဆီ ထိုးဖောက်လာမည့် ပါရှန်စစ်ကြောင်းကြီး တခုကို စစ်ရေးစစ်ရာ အရ အချက်အချာကျသည့် သာမော်ပီလေး တောင်ကြားမှ ပိတ်ဆို့ ခုခံရန် တာဝန်သည် စပါတာ မြို့ နိုင်ငံခေါင်းဆောင် ဘုရင်လီယွန်နီဒပ်(စ်) နှင့်  သူ့ စစ်သည် တော်များထံ ကျ ရောက် လာသည်။
လီယွန်နီဒပ်(စ်) သည် လူခြောက်ထောင်ပါ တပ်တတပ်ဖြင့်  သာမော်ပီလေးမှ ခုခံရန် အသင့် ပြင်သည်။ သူ့ တပ်တွင် လူရင်း စပါတာများအပြင် အခြားမြို့ ပြ နိုင်ငံများမှ တပ်ဖွဲ့ အချို့  လည်း ပူးပေါင်းပါဝင်သည်။
သာမော်ပီလေးသည် လေးမိုင်ခန့် ရှည်လျားပြီး ကျဉ်းမြောင်းသည့် နေရာများ၌ အကျယ်ပေ ငါးဆယ်မျှသာ ရှိသည့် တောင်ကြားလမ်း စစ်စစ် ဖြစ်သည်။ဘေးတဖက် တချက်စီတွင် အလွန်မြင့်မောက် မတ်စောက်သော တောင်နံရံကြီးများ ကာဆီးနေသည် ဖြစ်ရာ ရန်သူသည် ဒီတောင်ကြားမှ အပ အခြားဝင်စရာ လမ်းမရှိ။
ဝင်လာလျှင် လီယွန်နီဒပ်(စ်) ၏တပ်နှင့် ရင်ဆိုင် ရလိမ့်မည်။ သည်တပ်ကို အလုံးစုံချေမှုန်း နိုင် မှ သည်လမ်းက ဖြတ်သန်း၍ ရလိမ့်မည်။
သည်တွင် လီယွန်နီဒပ်(စ်)တို့  စပါတာများအကြောင်း အနည်းငယ်ပြောချင်သည်။
စပါတာတို့ သည် ရဲ ဝံ့စွန့် စားမှုအတွက် အထူးလေ့ကျင့် ထားကြသူများဖြစ်သည်။ အလွန် စည်းကမ်းကြီးသည်။ ခြိုးခြံကျပ်တည်းစွာ စားသောက်နေထိုင်နိုင်သည်။ ကိုယ်ရောစိတ်ပါ ကြံ့ ခိုင်မာကျောသည်။

စပါတာ တယောက် စစ်ထွက်ခါနီးတွင် သူကိုင်ဆောင်ရမည့်  ဒိုင်းကြီးကို မိခင်ကိုယ်တိုင် က ယူဆောင်လာပေးလေ့ ရှိသည်။ ပြန်ရင် ဒီဒိုင်းကို ကိုင်ပြီး ပြန်ခဲ့ ။ မကိုင်နိုင်ရင်လည်း ဒိုင်းပေါ်က ပြန်လာခဲ့ ဟု မှာတတ်သည်။



စစ်ပွဲမှာ အနိုင်တိုက်ပြီး အသက်ရှင်လျက် အမေ့ထံ ပြန်ခဲ့ ပါ။ အကယ်၍ တိုင်းပြည်အတွက် အသက်ပေးခဲ့ ရပြီ ဆိုလျှင်လည်း သူ၏ ရုပ်အလောင်းကို ဒိုင်းပေါ်တင်ကာ အတူစစ်ထွက် သည့် ရဲဘော်ရဲဘက်တွေ ထမ်းပိုးပြီး ဂုဏ်သရေ ရှိစွာ ပြန်ရောက်လာတာ မြင်ချင်ပါသည်။

ဟု ဆိုလိုခြင်းဖြစ်သည်။ သည်စကားနောက်ကွယ်တွင် အဓိပ္ပါယ်တွေ ကိန်းအောင်းနေသေး သည်။ စစ်မြေမှာ ရန်သူနှင့် ရင်ဆိုင်ရသည့် အခါ သူရဲဘောကြောင်စွာ လက်လွတ်ထွက်ပြေး သည် ။သုံ့ ပန်းအဖြစ် အဖမ်းခံရပြီး ကျေးကျွန်ဘဝ ရောက်သွားသည် ။ စတာ မျိုးတွေ မကြားချင်ပါ ဟူသော သဘော။
မိခင်တွေပင် အဲသည်လို စိတ်ဓာတ်မျိုးရှိသည့် စပါတာ ။။
ထို့ ကြောင့် စပါတာ မှန်လျှင် ဓားဒါဏ်ရာ၊ လှံဒါဏ်ရာကို ကျောမှာ မပြချင်။

စပါတာတွေ လေ။ ကြည့်စမ်းပါ ။ သူတို့ ဒါဏ်ရာတွေ အားလုံး ရှေ့ ဘက်မှာတဲ့ ။

ကဗျာစာဆိုတွေက ဖွဲ့ ကြသည်။
အဲသည်တော့  သာမော်ပီလေးမှာ ဆုံကြသည့်အခါ
လီယွန်နီဒပ်(စ်) နှင့်  သူ့ စစ်သည်တွေ တောင်ကြားလမ်း တလျောက် ပိတ်ဆို့ ကာ တက် လာသမျှ ရန်သူကို ရင်ဆိုင်ခုခံကြသည်။ ပါရှန်တို့ မှာ လူအင်အားအဆမတန် များသော် လည်း တိုက်ရည်ခိုက်ရည်တွင် စပါတာကို လုံးဝ မယှဉ်နိုင်။ နှစ်ရက်လုံးလုံး အကျအဆုံး များ စွာခံကာ အတင်းဝင်တိုက်သော်လည်း ဂရိတပ်ကို မကျော်ဖြတ်နိုင်။
တတိယနေ့ တွင်မူ လျှို့ ဝှက်သည့် တောင်ကျော်လမ်းသေးလမ်းမြောင် တခုကို ဂရိသစ္စာ ဖောက်တဦးက ပြသဖြင့် ရန်သူတို့ ဂရိတပ်၏ နောက်ကျောဘက် သို့ ရောက်လာကြသည်။
ကြီးမားသော အင်အားဖြင့် ညှပ်ပူးညှပ်ပိတ် အတိုက်ခံ ရတော့မည် ဆိုတာ မြင်သည့် အခါ လီယွန်နီဒပ်(စ်) က တပ်ဗိုလ်များကို ဆင့်ခေါ်သည်။ တိုက်ပွဲ ကအနေအထားပြောင်းသွားပြီ၊ သည်နေရာမှာ ဆက်တိုက်လျှင် မိမိတို့ အားလုံး ချေမှုန်း ခံရလိမ့်မည်။
ထို့ ကြောင့် ကျန်သည့် တပ်ဖွဲ့ တွေ အားလုံး အချိန်မှီ ဆုတ်ခွာကြပါ ။ မိမိနှင့်  စပါတာစစ်သည် သုံးရာ ကတော့  တာဝန်အရ သည်နေရာတွင် အသက်ပေးခုခံ ကျန်ရစ်မည်ဟု ကြေညာသည်။ သည်တွင် အခြားမြို့ ပြနိုင်ငံတို့ မှ စစ်သည်အများအပြား ထွက်ခွာသွားကြပြီး သပ်စပီယေ မြို့  သား ခုနှစ်ရာနှင့်  သီးဗ် (စ်) မြို့ သားလေးရာတို့ သာ စပါတာများနှင့် အတူကျန်ရစ်သည်။
ပါရှန်တို့ က ရှေ့ ဖက်မှ တပ်မကြီးတတပ် နောက်ဖက်မှတောင်ကိုကျော်၍ တပ်မကြီး တတပ် ညှပ်ပိတ်တိုက်ခိုက်ရန် ပြင်ဆင်လာသည့်  အချိန် လီယွန်နီဒပ်(စ်) က သူ့ တပ်ကို စစ်မျက်နှာ ကျယ်ကျယ်ဖွင့် ၍ တိုက်နိုင်မည့် နေရာသို့ ရွေ့  ယူသည်။ ထို့ နောက်တွင် ရန်သူ ချီတက်လာသည် အထိ မစောင့် ။ မိမိတို့ က အရင် ဦးအောင်ဝင်တိုက်သည်။ စပါတာတို့  တိုက်ခိုက်ပုံက သည်ပွဲတွင် ပါရှန်ရန်သူကို အပြီးသတ် ချေမှုန်းရန် သံန္နိဌာန် ချထားကြ သည့် အလားပင် ။


ရဲစွမ်းသတ္တိသက်သက်နဲ့ သာ ဆုံးဖြတ်မည် ဆိုက ဒီပွဲသည် ပါရှန်တွေ မရှုမလှ အရေးနိမ့် သည့် ပွဲ ဖြစ်ရလိမ့်မည်။
သို့ သော် အရေအတွက်ခြင်းက အဆမတန် ကွာခြားလွန်းလှသည်။ စစ်မြေတခွင်လုံးမှာ ပါရှန်တွေ တင်းကြမ်းပြည့်နေသည်။
ဓားသံလှံသံ ကြွေးကြော် အော်ဟစ်သံတွေ သောသောညံနေသည့်  ကြားမှာ လီယွန်နီဒပ်(စ်) ကျဆုံးသည်။ ချက်ချင်းပင် စပါတာတွေ သူ တို့ ခေါင်းဆောင်နဘေးမှာ ဝိုင်းရံလိုက်ကြပြီး အပြင်းအထန် ခုခံကာကွယ်ကာ အနီးရှိ တောင်ပူစာ တခုဆီသို့  အလောင်းကို သယ်ကြ သည်။ သည်နေရာတွင် နောက်တကြိမ် အဝိုင်းခံရသည်။ စပါတာအားလုံး သူတို့ ခေါင်း ဆောင်နည်းတူ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားကြသည်။ သက်(စ်)ပီယေ သားများ လည်း စပါတာတို့ နှင့် အတူ ကျဆုံးခဲ့သည်။ သီးဗ်(စ်) မြို့ သားတချို့ သာ လက်နက်ချ အညံ့ ခံခဲ့ ကြသည်။
ဂရိနှင့်ပါရှန်တို့ တိုက်ပွဲတွေ ဆက်လက်ဆင်နွဲကြပြီး နောက်ဆုံး၌ ပါရှန်တို့  အရေးနိမ့် ကာ ဂရိမြေမှ ဆုတ်ခွာထွက်ပြေးသွားကြရသည်။
စစ်ကြီးအပြီးတွင် တောင်ပိုင်းသား စပါတာတွေ သာမော်ပီလေးသို့  လာရောက်ကာ ကျဆုံးခဲ့ သော မိမိတို့  မြို့ သားစစ်သည်များအတွက် အထက်က ဆိုခဲ့ သော အထိမ်းအမှတ် ကျောက်စာတိုင် ကို စိုက်ထူကြခြင်းဖြစ်သည်။
သာမော်ပီလေးကား စပါတာ၏ ရဲစွမ်းသတ္တိကို ပြသော အမှတ်သင်္ကေတ ဖြစ်သကဲ့ သို့  ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း ဟူသည်ကို ထင်ရှားအောင်ပြခဲ့သည့် ဥပမာ သာဓက တခု လည်း ဖြစ်သည်။
(ဖေမြင့် ၏ အားပြင်းတဲ့  မြှားတစင်း မှ ထုတ်နှုတ်ဖော်ပြသည်။)


ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့တဲ့ ဆင်းရဲဒုက္ခ



Orison Swett Marden က ဒီလိုပြောခဲ့ဖူးပါတယ်။

"မွေးဖွားရာ ပတ်ဝန်းကျင်၊ နေရာဒေသက အရာရာကို ဆုံးဖြတ်နိုင်ခွင့်မရှိဘူး။ ဘယ်လိုပတ်ဝန်းကျင်မှာပဲ မွေးဖွားခဲ့ပါစေ... ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်မှ ကြီးမြတ်တဲ့ အောင်မြင်မှုကိုရမှာဖြစ်တယ်။ သူဌေးသားသမီးတိုင်း ကံကောင်းတယ်လို့ မထင်ကြနဲ့။ တစ်ချို့သူဌေးသားတွေက ငွေကြေးရဲ့ ကျေးကျွန်ဖြစ်ကြရတယ်။ ဥစ္စာပစ္စည်းတွေရဲ့ ဖြားယောင်းမှုကို သူတို့မတွန်းလှန်နိုင်ခဲ့လို့ ဒုက္ခတွင်းနက်ထဲ ကျခဲ့ကြတယ်။ စည်းစိမ်ချမ်းသာမှုနဲ့ ပျော်ပါးကြီးပြင်းလာတဲ့ ကလေးတွေက ဆင်းရဲတွင်းက ကြီးပြင်းရုန်းထလာကြတဲ့ ကလေးတွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ခဲ့ဘူး။ ဆင်းရဲသားကလေးတွေ အထူးသဖြင့် ဆင်းရဲလွန်းလို့ ကျောင်းနေဖို့အခွင့်အရေးတောင် မရှိကြတဲ့ကလေးတွေက အရွယ်ရောက်ပြီးနောက် အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတယ်။ ....... ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးမှာ ချမ်းသာကြွယ်ဝတဲ့ အမွေကို ဆက်ခံနိုင်စွမ်းရှိတယ်"

အမေရိကန်က နာမည်ရှိသူတို့ရဲ့ ကြိုးစားရုန်းကန်တဲ့သမိုင်းကို ပြန်လှန်ကြည့်ရင် အောင်မြင်သူအများစုက ဆင်းရဲသားမိသားစု ကလေးတွေဖြစ်တယ်။

Andrew Carnegie က ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံကဖြစ်တယ်။ Carnegie လုပ်ငန်းစဝင်စ အလုပ်က ဘွိုင်လာအိုးလုပ်သားဖြစ်တယ်။

Fordက လယ်သမားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်တယ်။ ဖခင်က Fordကို လယ်သမားတစ်ဦးဖြစ်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် တစ်ပြားတစ်ချပ်မှမပါဘဲ မြို့ပေါ်တက် သူအလုပ်ရှာခဲ့တယ်။

HP (Hewlett-Packard Company) ကုမ္ပဏီကို William Hewlett နဲ့ David Packard တို့တည်ထောင်စက သူတို့ရဲ့ရင်းနှီးမြှုပ်နှံငွေက ၅၃၈ ဒေါ်လာဖြစ်ပြီး ကုမ္ပဏီတည်နေရာက သူတို့ရဲ့ကားဂိုဒေါင်မှာဖြစ်တယ်။

အသက်မွေးဝမ်းကျောင်းထဲမှာ သတင်းစာရောင်းတဲ့အလုပ်က စားသာတဲ့အလုပ် မဟုတ်ခဲ့ဘူး။ ဒီအလုပ်ကို လူတစ်ချို့က စားဝတ်နေရေး ဖူလုံဖို့ မျှော်ကိုးခဲ့တယ်။ အမေရိကန်က လူအများလေးစားတဲ့ Edisonကလည်း ငယ်စဉ်ကတည်းက သတင်းစာရောင်းသူဖြစ်ခဲ့တယ်။ (၁ဝ)နှစ် အရွယ်တည်းက Edisonဟာ ဓာတုစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ တစ်ခါကရထားပေါ်မှာ သတင်းစာရောင်းရင်း စမ်းသပ်မှုတစ်ခုကို သူလုပ်ခဲ့တယ်။ အရှိန်နဲ့ရထားကွေ့ချိန်မှာ သူစမ်းသပ်နေတဲ့ အက်စစ်တွေဖိတ်ကျ လွှင့်စင်ပြီး အနံ့ဆိုးတွေထွက်ခဲ့တယ်။ လူတွေရဲ့ ပြစ်တင်ဆဲဆိုတာကို ခံရတဲ့အပြင် ရထားတွဲခေါင်းဆောင်ရဲ့ လက်ဖဝါးဒဏ်နဲ့အတူ ရထားပေါ်က သူမောင်းချခံခဲ့ရတယ်။

ကျွန်ရောင်းဝယ်ရေးစနစ်ကို ချေဖျက်ခဲ့တဲ့ အမေရိကန် (၁၆)ဦးမြောက် သမ္မတလင်ကွန်းဟာ ငယ်စဉ်တည်းက မီးလင်းဖိုရဲ့အလင်းနဲ့ စာတွေကျက်မှတ်ခဲ့ရတယ်။ စာအုပ်တွေဝယ်ယူဖို့အတွက် ကီလိုမီတာ(၇ဝ)နီးပါး သူလမ်းလျှောက်ခဲ့ရတယ်။ ဘာအမွေစားအမွေခံမှ သူမရခဲ့သလို ဘယ်လိုကံကောင်းမှုမျိုးနဲ့မှ သူမကြုံခဲ့ဖူးပါဘူး။ ဒါပေမယ့် သူအောင်မြင်ခဲ့တယ်၊ ရှေ့ဆက်တဲ့သူ့လမ်းတွေ ထွန်းတောက်ခဲ့ရတာက သူရဲ့မဆုတ်မနစ် ကြိုးစားမှုနဲ့ ဖြောင့်မှန်မှုကြောင့်ဖြစ်တယ်။

(၁၇)ဦးမြောက် အမေရိကန်သမ္မတ Andrew Johnson ဟာ ငယ်စဉ်တည်းက အဝတ်ချုပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျောင်းလဲကောင်းကောင်း တက်ခဲ့ဖူးသူမဟုတ်ဘူး။ ဒါပေမယ့် သစ်သားအိမ်လေးထဲမှာနေပြီး စာမသင်ခဲ့ဖူးတဲ့၊ ဘာအခြေအမြစ်မှ မရှိသူတစ်ဦးက အမေရိကန် ပြည်တွင်းစစ်အတောအတွင်းမှာ သမ္မတဖြစ်လာခဲ့တယ်။ သူရဲ့ပြည့်စုံတဲ့ အလေ့အကျင့်၊ အတွေ့အကြုံကြောင့် တစ်လောကလုံးကို အောင်နိုင်ခဲ့သူဖြစ်ပြီး ကျေးကျွန်ပေါင်း ၄သန်းကို လွတ်ငြိမ်းခွင့်ပေးခဲ့သူဖြစ်တယ်။

တစ်ခါက ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးရှိခဲ့တယ်။ ဖခင်သေဆုံးချိန် အခေါင်းဝယ်စရာ ပိုက်ဆံမရှိခဲ့လို့ အိမ်နီးချင်းတွေက ဝယ်ပေးခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်က ထီးစက်ရုံမှာ တစ်နေ့(၁ဝ)နာရီ အလုပ်ဝင်လုပ်ခဲ့ပြီး အလုပ်ဆင်း အိမ်ပြန်ချိန်မှာတောင် လုပ်စရာအလုပ်တွေ ယူလာတတ်ခဲ့သေးတယ်။

ဒီလိုအခြေအနေမှာ ကြီးပြင်းခဲ့တဲ့သူဟာ တစ်ခါက ဘုရားကျောင်းမှာကျင်းပတဲ့ ဟောပြောပွဲကို တက်ရောက်နားထောင်ခဲ့တယ်။ ဟောပြောပွဲက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဟောပြောဆရာလုပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ တစ်ခါသာကြုံခဲ့တဲ့ အတွေ့အကြုံက နောက်တစ်ချိန်မှာ အောင်မြင်ဖို့ သူ့အတွက်လမ်းစဖြစ်ခဲ့တယ်။ အသက် (၃ဝ) မှာ နယူးယောက်လွှတ်တော်အမတ်အဖြစ် သူဝင်ရွေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားတွေအတွက် သူပြင်ဆင်ချိန်မရခဲ့ဘူး။

ပညာအဆင့်အတန်း နိမ့်ပါးခဲ့လို့ အလုပ်မှာ အခက်ခဲပေါင်းစုံ သူကြုံခဲ့ရတယ်။ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်၊ အမှုအခင်းတွေကို သူမဖတ်နိုင်ခဲ့ဘူး။ တစ်ချို့စာလုံးတွေကို သူနားမလည်ခဲ့ဘူး။ အဲဒီအတွက် သူနောင်တရ စိတ်ညစ်ခဲ့တယ်။ အလုပ်ကထွက်ဖို့အထိ သူစဉ်းစားခဲ့ပေမယ့် မိခင်ကြောင့် သူအလုပ်မထွက်ဖြစ်ခဲ့ဘူး။ အခက်အခဲကြောင့် နောက်မတွန့်ဖို့၊ နိမ့်ပါးတဲ့ ဗဟုသုတတွေအတွက် စိတ်မကောင်းမဖြစ်ဖို့ တစ်နေ့ကို စာ(၁၆)နာရီဖတ်ပြီး သူ့ကိုယ်သူ နှစ်သိမ့်သင်ကြားခဲ့တယ်။

ကျောင်းပညာ ကောင်းကောင်းမသင်ကြားခဲ့ရတဲ့ ငယ်ဘဝကို သူမေ့ပစ်ခဲ့တယ်။ (၁ဝ)နှစ်လွန်မြောက်ပြီးနောက် Smithဟာ နယူးယောက်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ သြဇာအာဏာရှိသူဖြစ်လာခဲ့တယ်။ နာမည်ကောင်း ဆုတံဆိပ်တွေ မကြာခဏရရှိသူဖြစ်ခဲ့ပြီး (၄)ကြိမ်ဆက်တိုက် နယူးယောက်စတိတ် အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Oxford တက္ကသိုလ်၊ Colombia တက္ကသိုလ်စတဲ့ တက္ကသိုလ်ပေါင်း ခြောက်ခုက ဘွဲ့တံဆိပ်တွေကို ရရှိခဲ့တယ်။ အောက်ခြေနိုင်ငံရေးသမားဘဝကနေ တစ်နိုင်ငံလုံး လေးစားအားထားတဲ့ နိုင်ငံရေးသမားဖြစ်အောင် သူကြိုးစားခဲ့တယ်။

နယူးယောက်က ပြည်သူလူထု အကြိုက်နှစ်သက်ဆုံးသူအဖြစ် နယူးယောက်တိုင်းမ်မှာ ဖော်ပြခံခဲ့ရသူက Adam Smith ပဲဖြစ်ပါတယ်။

နှစ်ကြိမ်ဆက်တိုက် အမေရိကန်သမ္မတအဖြစ် အရွေးခံခဲ့ရတဲ့ Stephen Grover Cleveland ရဲ့ ငယ်ဘဝက သာမန် အရောင်းဆိုင်ဝန်ထမ်းဖြစ်တယ်။ သူ့ဝင်ငွေက တစ်နှစ်မှာ (၁ဝ)ဒေါ်လာဝန်းကျင်သာ ရှိခဲ့တယ်။ နောက်ပိုင်း သူ့အောင်မြင်မှုကို ခွဲခြမ်းစိတ်ဖြာရာမှာ Cleveland က "ဆင်းရဲခြင်းကဖြစ်လာတဲ့ အာသီသတွေဟာ တကယ့်ကိုအင်အားရှိခဲ့တယ်" လို့ ပြောခဲ့တယ်။

အထက်ကပြောခဲ့တဲ့လူတွေရဲ့ ဘဝအစက ဆင်းရဲခြင်းနဲ့ပဲ စခဲ့ကြတယ်။ ဒါပေမယ့် ကံတရားကို သူတို့အပြစ်မတင်ခဲ့ဘူး။ ဘဝကို မငြီးငြူခဲ့ဘူး။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်ချက်က ရှေ့ဆက်တိုးမယ့်သူတို့အတွက် ခွန်အားတွေဖြစ်ခဲ့တယ်။ နောက်ဆုံး လက်ဗလာနဲ့ စခဲ့တဲ့ဘဝကနေ အောင်မြင်မှုအလံကို ပိုင်ပိုင်နိုင်နိုင် သူတို့ ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။

ကြီးမြတ်တဲ့ သူရဲကောင်းတွေ၊ အောင်မြင်သူတွေရဲ့ ဘဝအများစုက ဆင်းရဲသားဘဝက စခဲ့တယ်။ ကံတရားရဲ့ ထိုးနှက်ချက်အောက်မှာ ကြံ့ကြံ့ခံပြီး ခွန်အားတွေကို သူတို့စုခဲ့တယ်။

စပိန်စာရေးဆရာ Miguel de Cervantes ထောင်ထဲမှာ ရေးခဲ့တဲ့ Don Quijote de la Mancha စာအုပ်က နာမည်ကျော်စာအုပ်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဆင်းရဲလွန်းလို့ စာရေးဖို့စက္ကူတောင် မဝယ်နိုင်ခဲ့ဘဲ သားရေချပ်လေးပေါ်မှာ သူရေးခဲ့တာဖြစ်တယ်။ လူတစ်ချို့က သူဌေးတစ်ဦးကိုရှာပြီး သူ့ကိုကူညီဖို့ အကူအညီတောင်းခဲ့ပေမယ့် သူဌေးက "ဒီလိုလူကို ကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကိုခွင့်မပြုခဲ့ဘူး။ သူဆင်းရဲနေမှ ဒီလောကကြီး ကြွယ်ဝမှာဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဆင်းရဲသားမိသားစု ဒါမှမဟုတ် ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာသူ လူငယ်တစ်ယောက်မှာ ခိုင်မြဲတဲ့ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုရှိမယ်ဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို မတားနိုင်ခဲ့ပါဘူး။

ဆင်းရဲဒုက္ခက ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့နိုင်ခဲ့တယ်။ မိမိကိုယ်ကိုယ်ယုံကြည်သူ၊ သတ္တိရှိသူ၊ ဇွဲရှိသူတွေအတွက် ဆင်းရဲဒုက္ခက သူတို့ရဲ့အစွမ်းအစကို ပိုတောက်ပြောင်စေတယ်၊ ဘဝမီးအိမ်ကို ထွန်းညှိပေးတယ်၊ ရှေ့တိုးမယ့် ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လကို မောင်းပေးတဲ့ နှင်တံဖြစ်ခဲ့တယ်။

Orison Swett Marden က "ဆင်းရဲဒုက္ခက အားကစားလေ့ကျင့်ခန်းက ကိရိယာတွေနဲ့တူတယ်။ ကျွန်တော်တို့ကို သန်မာအောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့်ဆင်းရဲခြင်းက ကျွန်တော်တို့ တာထွက်ကောင်းအောင် ကြိုးစားလေ့ကျင့်ပေးတဲ့ အကောင်းဆုံးကိရိယာဖြစ်တယ်" လို့ ပြောခဲ့တယ်။

"အခက်အခဲကြားက လွတ်အောင် ကျွန်တော်တို့ ကြိုးစားရုန်းကန်တာက ဆင်းရဲခြင်းရဲ့လွတ်လမ်းဖြစ်သလို အောင်မြင်သူဖြစ်ဖို့ အခြေခံနည်းတစ်ခုဖြစ်တယ်"

"တကယ်သတ္တိရှိသူက ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုခံရလေ ကြိုးစားရုန်းကန်လေဖြစ်တယ်။ အခက်အခဲကို ရင်ဆိုင်နိုင်သူ၊ အတားအဆီးကို လှောင်ရယ်နိုင်သူဖြစ်တယ်။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်တာခံရလေ သူ့စိတ်ဆန္ဒ၊ အရည်အချင်း၊ အင်အားနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလေဖြစ်တယ်။ ဒီလိုလူမျိုးအတွက် ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို ဘယ်လိုကံကြမ္မာ၊ ဘယ်လိုအခက်အခဲကမှ တားဆီးထားနိုင်မှာ မဟုတ်ပါဘူး"



နိုင်းနိုင်းစနေ ဘာသာပြန်သည်။

တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး....



အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ လေးစားကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့ တောလိုက်ထွက်ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက သေနတ်နဲ့ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေးသွားခဲ့တယ်။ အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင် အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။

သခင်ရဲ့ အပြစ်စကားကို ကြားတော့ ခွေးက တတ်နိုင်သလောက်ကြိုးစားခဲ့တာတောင် အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။

သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ ဝိုင်းမေးကြတယ်။

"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"

"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့ ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"

ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။

Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း သောင်းဂဏန်းထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့ ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို ကလေးငယ်တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့ မှတ်ဥာဏ်ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ တအံ့တသြမေးခဲ့တယ်။

"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"

"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Softwareကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။

လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊ လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို သိပ္ပံပညာရှင်တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့ လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက် တတ်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က
အိပ်မောကျနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊ ထီထွင်ချင်တယ်ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။ အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

မူရင်း --- 尽力而为还不够

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Endangered Species



ထုံးစံ အတိုင်း..မိုးလင်းတာနဲ့ .. လက်တဖက်က..အိမ်ရှေ့ လိုက်ကာ ကို ကြိုးဆွဲ.. နောက်တဖက်က ..တီဗီ ခလုပ်ကို နှိပ်ပြီး..CNN ကို ဖွင့်လိုက်တယ်။
-
ကော်ဖီ တခွက် ဖျော်ပြီး Toaster ထဲက..သူ့အလိုလို ခုန်တက်မလာ တဲ့ ပေါင်မုန့်ကို.. လက်နဲ့ အသာဆွဲ ထုပ် နေတုန်း... Burmese ဆိုတဲ့ အသံ ကြားလိုက်လို့..အသဲအသန် လှမ်း ကြည့်လိုက် တော့.. အမေရိကန် ဖလော်ရီဒါပြည်နယ် မှာ..Burmese Python စပါးကြီးမြွေ တွေ သောင်းကျန်းနေလို့.. လိုက်ဖမ်းနေ ရတဲ့..သတင်း တပုဒ် ဖြစ်နေ တော့တယ်။
-
++++++

စပါးကြီးမြွေ တွေကို အိမ်မွေးတိရစ္ဆန် လုပ်မွေးတဲ့..လူတွေကိုလည်း အံ့မိပါရဲ့။ အဲဒီလို ..တအိမ် အိမ် ကနေ.. လွတ်ထွက်သွားရင်း..ဖလော်ရီဒါ အဲဗားဂလိတ် ဆိုတဲ့.. ဘေးမဲ့ ဥယျဉ်ကြီးထဲမှာ..အများဆုံး ပေါက်ပွားနေကြ တာ.. အဲဒီ နယ်တကျောမှာ..အခုဆို.. အကောင် တသိန်းလောက် အထိ.. ဖြစ်နေပြီတဲ့။ ဘုရား…ဘုရား.. အူတွေ တောင် ယားပါ ဘိတော့။ သူ ပြောသလို ဆို.. ဒီလောက် အထိ ပေါက်ပွား နေတာ.. ဘာဆန်းမလဲ..။ စပါးကြီးမြွေမ တကောင် တခါ ဥရင်.. ဥ.. ၈၀ ကနေ ၉၀ ထိ ဥ နိုင်တယ်တဲ့ ..။
-
အရည် အတွက်က ထားပါတော့လေ..။ ပုရွက် ဆိတ် ဆိုလည်း..အရေးမကြီး။ ခုဟာက.. ပေ ၂၀ ကျော်ရှည်ပြီး ပေါင် ၂၅၀ လောက် လေးတဲ့.. အဲဒီလို..စပါးကြီးမြွေတွေက..မြင်မြင်ရာ.. အကောင်ကို ၀ါးမြို ပြီး.. သက်တမ်း အနှစ် ၃၀ ကျော် အထိ နေနိုင် ကြတယ် ဆိုတော့.. အဲဒီ ဒေသ ရဲ့ ဂေဟ စနစ် အတွက်.. ဘယ်လောက် စိုးရိမ်စရာ ဖြစ်မလဲ..စဉ်းစားသာ ကြည့်ပေတော့။ တလောတုန်း ကလည်း..အိမ်တအိမ် မှာ မွေးထားတဲ့.. မြွေတကောင်က..လှောင်အိမ်က လွတ်ထွက်ပြီး..ပုခက်ထဲက..ကလေး ကို မြိုလိုက်သတဲ့။
-
ခုတော့..အမေရိကန် ဆီးနိတ်မှာတောင် ဗမာ့ စပါးကြီးမြွေ အကြောင်း ထဲ့ပြောနေရပြီ။ ဗမာတွေ..နံမယ်ကောင်းပုံ များ တော့…။ အခု…အသေအချာကို ပတ္တရောင် အဖွဲ့တွေနဲ့ လိုက်ဖမ်းပြီး သုတ်သင်နေ ကြ ရပြီ။ သူတို့ သုံးတဲ့ အသုံးက..ဒီမြွေတွေဟာ invasive species တွေဖြစ်ပြီး.. တခြား ဒီ ဒေသက.. endangered species တွေကို..အန္တရယ် ပြုနေ တယ်တဲ့။
-
Endangered Species ရဲ့..ဖွင့်ဆိုချက်ကို..သေချာကြည့်မိတော့... မျိုးတုန်းလု ဖြစ်နေတဲ့.. အန္တရယ် ကျရောက်နေတဲ့.. သတ္တ၀ါ များ..။ ဒါဆို.. Endangered Species တွေကို..ကာကွယ်ဖို့..လိုက် သုတ်သင်နေရတဲ့.. ဗမာ့ စပါးကြီးမြွေ တွေလည်း.. Endangered Species တွေ ဖြစ်လာဖို့..မရှိဘူးလား..။ ဒါနဲ့
ပတ်သတ်ရင်..အမြဲ အငြင်းပွါးဖွယ် တွေ ရှိနေပြီး.. အဲဒါကို အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်တဲ့ သူ တွေက လည်း..တကယ်တော့..လူသတ္တ၀ါတွေ ပါပဲလေ..။
-
အဲဒီလို တွေးမိတော့..George Orwell ရဲ့..Animal Farm ကို သတိ ပြန်ရစေတယ်။ “all animals are equal” ဆိုတဲ့..ဥပဒေသ ကနေပြီး.. တဖြည်းဖြည်း ပြောင်းလဲ ဖြည့်စွက် လိုက်တဲ့..“ all animals are equal. But some animals are more equal than others” ဆိုတဲ့..စကားလေး။ သူကတော့..နိုင်ငံရေး လောကသားတွေ ကို သရော်ထားတာ ပေမဲ့..ဘယ်လိုပဲ တွေးတွေး..ဒီလောကကြီး တခုလုံးအတွက်.. အကျုံးဝင် နေတော့ တာပါပဲ။
-
မကြာသေးခင် နှစ်တွေတုန်းက..ဂျာမဏီ နိုင်ငံက.. မြို့လေးတမြို့ထဲက..၀ံပုလွေတွေ အုပ်လိုက် ကြီး ၀င်လာလို့..အတော် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ ဖူးသတဲ့။ နှစ်ပေါင်း အတော်ကြာကြာက.. ဥရောပ ရဲ့ သားရဲ တမျိုးဖြစ်တဲ့..၀ံပုလွေ တွေကို..သုတ်သင် ခြေမှုန်း လိုက်ကြတာ..အကောင် ရာဂဏန်းပဲ..ပိုလန် နယ်စပ်က..တောတွေထဲမှာ ခိုအောင်း ကျန်ရစ် နေရာ ကနေ.. မြို့တွေဆီ ပြန်ပြီး ခြေဦးလှည့်လာ တော့.. လူတွေက..ပြန်ပြီး..စစ်ကြေငြာ ကြ ရပြန်တယ်။ အေးပေါ့..၀ံပုလွေ နဲ့ လူ..အတူနေ လို့မှ မရတာ ကိုး..။ ဒီနေရာ မှာကော..ဘယ်သူက.. Endangered Species ဖြစ်သင့် သလဲ။
-
သြစတြေလျ တိုက်ကြီး စတည်ဆောက် တုန်းက.. ယုန်တွေ သောင်းကျန်း လှ သတဲ့။ ကြွက် အကြီးစား တမျိုးလို ဖြစ်နေတဲ့..ယုန် ညိညို ညစ်ညစ် ကြီးတွေ..စိုက်ပျိုးခင်းတွေ ကို ဖျက်စီး သွားပုံတွေကို..တီဗီက လာတဲ့..documentary တခု မှာ..ထိုင်ကြည့်နေရင်း.. အံ့သြနေမိတယ်။ ကိုယ်တွေ သိခဲ့ တာက.. အမွေး ဆွတ်ဆွတ်ဖြူ..နားရွက်ဖါးဖါး..မျက်လုံး နီနီ လေးတွေ နဲ့.. ချစ်စရာ အားကိုးရာမဲ့..အပြစ်ကင်းစင် တဲ့..ဇတ်လိုက် ယုန်သူငယ် လေး တွေကိုး။ နောက်ဆုံး.. အစိုးရက.. ဘယ်လို မှ နှိမ်နင်းလို့ မနိုင်တော့..ဘာလုပ်တယ် မှတ်သလဲ..။ ယုန် တချို့ကို ဖမ်း..သူတို့ကိုယ်ထဲကို.. ကပ်ရောဂါ ပိုး တမျိုး ထိုးထဲ့ပြီး..မြေပေါ် ပြန်လွှတ်..တကောင်ပြီး တကောင် ကူး..ကပ်ရောဂါ နဲ့ပဲ..မျိုးတုန်း အောင် လုပ်လိုက်ပါရောလား..။ အတော့်ကို ရက်စက် တဲ့.. လူမဆန်တဲ့..နည်းပါပဲ..။ အေးလေ..ခုတော့..ဒါကကို..လူဆန်တဲ့..နည်း ဖြစ်နေပြန်..။
-
အခု ဆို..ဒီနိုင်ငံမှာ.. wild animal တွေကို..သူတို့ မစားရဲ ဘူး။ သူတို့ ဖြန့်ဖြူးထားတဲ့..ရောဂါပိုးတွေ က.. ယုန်တွေမှာတင်.. ပြီးသွားမှာ မှ မဟုတ်တာ။ ဒီ တိုက်ကြီးကလည်း..ကျယ်..ကျယ်လွန်းလှ တော့..မသိနိုင်..မရောက်နိုင်..မမြင်နိုင် တာတွေက..အများကြီး။ ရောက်ကာစ ကဆို..တချို့ နယ်တွေမှာ..Rabbit fence ဆိုတာကြီးတွေ..အရှည်ကြီး တမျှော်တခေါ် တွေ့ရ တော့..နားမလည်ခဲ့ဘူး။ ဒါတောင်..လူ့ရင် တပွေ့စာ ယုန်ကလေး တွေက.. စပါးကြီးမြွေ လိုလည်း..လူကို မမြိုနိုင်ပါဘူး..။ ၀ံပုလွေ တွေ လိုလည်း..လူကို ကုတ်ဖဲ့..ဆွဲဖြတ်ပြစ် နိုင်တာ မဟုတ်ဘူး။ အဲဒီ ယုန်လေး တွေ ကျတော့ရော.. Endangered Species ဆိုပြီး..မျိုးဆက် ထိန်းသိမ်းဖို့.. အစီအစဉ် မရှိဘူးလား မသိ။
-
အင်းလေ..ဒီလို နဲ့ပဲ..ဒိုင်နိုဆောကြီး တွေ တောင်..မျိုးတုန်း သွားခဲ့ ဖူးတာပဲ။ Endangered Species
ဆိုပြီး ဒိုင်နိုဆော တကောင် နှစ်ကောင် လောက်..ဆက်ထိန်း ထားနိုင် ခဲ့ရင်..ခုလောက်ဆို.. တိရစ္ဆန် ဥယျဉ် တွေ တောင် လု နေကြ ရမှာ..။
-
မျိုးတုန်း တော့မဲ့..သတ္တ၀ါ တွေကို ကာကွယ် ထိန်းသိမ်း ရမယ်..တဲ့။ မျိုးအရမ်း ပွားနေတဲ့..သတ္တ၀ါ တွေ ကျတော့ရော..။ လူတွေ နဲ့လည်း..သဟ ဇာတ ဖြစ်ရ အုံးမယ် လေ…။
ကဲ..တော်ပါပြီလေ.. တွေးလေ..ဝေးလေ ဖြစ်နေ ပါ ပြီ။
-
++++++
-
ဟဲ့..အို..
-
ပိုးဟပ်… ပိုးဟပ်..
-
ကွန်ပြူတာ နောက်က..စီဒီချပ် တွေထဲက…ကမှူး ရှုးထိုး ထွက်ချ လာတဲ့..ပိုးဟပ် တကောင်ကို..ရိုက်ဖို့..လက်က.. အလိုလို..တွေ့တဲ့..စာအုပ် တအုပ်..ကောက်ကိုင် လိုက် မိတယ်။
-
ဦးနှံ လေး..တလှုပ်လှုပ် နဲ့..အန္တရယ်ကို..လေ့လာ နေတဲ့..ပိုးဟပ် ဖြူယော် သေးသေးလေး ကို ကြည့်ပြီး..ချိတုံ ချတုံ ဖြစ်နေတယ်။
-
သနား စရာလေး..
လွှတ်လိုက် ပါ့မယ်..

အင်း..ဒီကောင်..ပြီးရင်..ဒီစားပွဲ ကနေ ကျော်ပီး..ဘယ်သွားမလဲ..ငါ့ အ၀တ်ဗီရို ထဲလား..ထမင်း စားပွဲပေါ်က.. သစ်သီးခြင်း ထဲက.. ပန်းသီးတွေ ပေါ်..တက်ပြေးသွားရင် တောင်..ငါမသိပဲ..ပန်းသီးကို စားမိ အုံးမှာ..။ ပြီးရင်..ဒီ အိမ်ထဲမှာ..ပိုးဟပ် တွေ..ထပ်ပွား အုံးမှာ..
-
ကဲဟာ..
ဘုံး…
-
-
-
ညောင်းးးး
-
ဟဲ့..ပူစီ..သမီး..သွားစမ်း..ဟိုးဖက် ဝေးဝေး..ဒါ..နင်စားဖို့..အကောင် မဟုတ်ဘူး..ရောဂါတွေ ဖြစ်ကုန်မယ်။

နိုင်ငံခြားပြန်






ခေါင်းစဉ်က..တမျိုးလေး လို့ ထင်မိတယ်။ ဒါပေမဲ့..ရေးဖို့ အကြောင်းက..ချက်ချင်း ခေါင်းထဲ ၀င်လာတာနဲ့..ရိုးရာ မပျက် ..ရေးလိုက်ပါ တော့တယ်။
တိုက်တိုက် ဆိုင်ဆိုင်.. ရန်ကုန်ထုတ် ဂျာနယ် တခု ထဲမှာ ပါတဲ့.. သုမောင် ရဲ့ ဆောင်းပါးလေး ကို ..ခေါင်းတညိတ်ညိတ် နဲ့ ဖတ်ခဲ့ရတော့.. ခု- ဒီ ခေါင်းစဉ် နဲ့ တန်းတိုးတာ..ကျေးဇူးတောင် တင်ရမလို ဖြစ်နေတယ်။

အဲဒီ ဆောင်းပါးကို ခေါင်းစဉ် လဲ မမှတ်မိ ချင်တော့ဘူး.. “ နိုင်ငံခြားပြန်” ဆိုတဲ့ စကားလုံးတော့ ပါတယ်လို့ ထင်တယ်။ သူရေးထားတာက..ဒီလိုပါ-
-
ဗမာပြည်မှာ- ဟိုးတုန်းက.. ဘိလပ်ပြန် သန်း.. ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း..ယိုးဒယားပြန် အမာစိန် ..အဲသလို.. နိုင်ငံခြားက ပြန်လာခြင်းကို..တထူး တမူး လုပ်ပြီး.. ခေါ်ဝေါ် ကင်ပွန်းတပ်တာမျိုး ရှိခဲ့ ပါတယ် တဲ့။ ဒါပေမဲ့ အဲဒီ အနုပညာရှင် တွေဟာ.. ပညာသင်ဖို့..ဒါမှ မဟုတ်..ယဉ်ကျေးမူတွေ..သံတမန်ပြုဖို့.. ပြည်ပ ကို ခဏ တဖြုတ် သွားကြ တာ ဖြစ်ပြီး.. အဲဒီ လို ထိုက်ထိုက် တန်တန်..ချီးမွမ်းထောမနာ ပြု ခဲ့ကြတာ ကလည်း..ဘာမှ နားကြားပြင်း ကပ်စရာ ကောင်းမနေ ခဲ့ ဘူးပေါ့။

အခု တော့.. ဆိုပြီး..သုမောင်က.. ရေးချ လိုက် ပေမဲ့.. နံမယ် အတိအကျ မသုံးထားပါဘူး။ အနုပညာ နှမ ကြီး ၂ ယောက် လို့ ပဲ..ခင်ခင်မင်မင် သုံးထားပါတယ်။ ဗမာပြည်မှာ..တအိမ် တယောက် နီးပါး လောက်..ပြည်ပ ကို နည်းအမျိုးမျိုး နဲ့ ရောက်ရှိ နေကြတဲ့..ခေတ်အခြေ အနေ မှာ..အနုပညာ ရှင်တွေ လည်း ချွင်းချက် မရှိပါဘူး။ ဒါပေမဲ့... လေ့လာ ပညာ ရှာဖို့..အနုပညာ တွေ ဝေမျှ ဖို့ လား...ဆိုတာ ကတော့.. အားလုံး သိတဲ့ အတိုင်းပါပဲ။ အဲဒါကို သုမောင်က.. ပုဂ္ဂိုလ်ရေး..အိမ်ထောင်ရေး ကိစ္စများ နဲ့..ပြည်ပ မှာ သွားရောက် နေထိုင်ကြတဲ့..နှမကြီး တွေ ကို ဘာမှ ဝေဖန် အပြစ်တင် စရာ မရှိပါဘူး.. ဒါပေမဲ့.. သူတို့တွေ..ဗမာပြည်က..စထွက်ခွါ ကြတုန်းက.. ပယ်ပယ် နယ်နယ် ရှုတ်ချ ခဲ့တဲ့..လူတချို့က ပဲ .. အခုတော့.. သင်္ကြန် မဏ္ဍပ် စင်မြင့်ပေါ်က နေပြီး.. “ အခု ဖျော်ဖြေ မှာ ကတော့.. အမေရိကန် ပြန်..++++ ပါ-” လို့.. ဖိတ်ခေါ် ချီးပ..သုံးနှုံး ကြ တာကတော့.. ဗမာပြည်မှာ နေထိုင် ရပ်တည်နေ တဲ့..အနုပညာ ရှင် တွေကို.. နာမ်နှိမ် လိုက်သလို ဖြစ်သွား ပါ တယ်လို့.. ဝေဖန် ထား တဲ့ ဆောင်းပါးလေးပါ။

ဒီ စာ ထဲမှာ..ပုဂ္ဂလ ခံစားချက် တွေလည်း ပါ ကောင်း ပါမှာပါ။ ဖတ် တဲ့ သူတွေကလည်း..အဲဒီ နှမကြီး ၂ ယောက် က..ဘယ်သူ ဆိုတာ.. ဖိတ်ခေါ်တဲ့ အခမ်းအနားမှူး ဘယ်သူ ဆိုတာ..ခန့်မှန်း နိုင်ကြ မှာပါ။ တကယ်တော့..ဘယ်သူ့ကိုမှ လက်ညိုးထိုးပြီး အပြစ်တင် လို့ ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး..။ ဒါပေမဲ့..သုမောင် ပြောသလို..တကယ် သတိထားသင့် တဲ့.. အပြောအဆို တွေပါ။ ပြည်ပ မှာ နေတဲ့ အနုပညာရှင်တွေက လည်း.. တခါတလေ ရောက်တုန်းမှ..လူကြားထဲ ပြန် ထင်ပေါ် ရတာမို့..အဲဒီလို..ပွဲမျိုးဆို..ကြုံ ကြုံ ကြိုက် ကြိုက် နွှဲ တတ်ကြပါတယ်။ တချိန်က..နှစ်သက်ခဲ့ တဲ့ ပရိသတ် တွေကလည်း..ဘာပဲ ပြောပြော..လူ့သဘာဝ ဆိုတော့.. ဟယ်..ဘယ်သူက..ဘယ်လို ပုံပြောင်းသွားတာ..သူကတော့..လှတုန်းပဲ..စသဖြင့်.. လူဖတ်များတဲ့ ဂျာနယ် မဂ္ဂဇင်းတွေ ထဲမှာ.. စိတ်ဝင်တစား လိုက် ကြည့် ကြ ရှာပါတယ်။ ပြောရရင်တော့..စာအုပ်တွေ ထဲမလဲ..မင်းသားမင်းသမီး..စာရေးဆရာမ တွေရဲ့ နိုင်ငံခြား ခရီးသွား ဆောင်းပါးတွေ..ပြည်ပက..ဓါတ်ပုံ တွေ နဲ့ ဝေ ဆာ လှတဲ့.. ခေတ် အခါ ဆိုတော့ လည်းလေ…။

အဲဒီ ပွဲ မတော့..အခန်းအနားမှူး လုပ်သူကလည်း..သူများ အမြင်ကပ်လောက် အောင်ကို.. ဘယ်လောက် တောင်..မစားရ ၀ခမန်း..မြှောက် ပြော လေသလည်း မသိ။ အနု ပညာ နှမ ကြီး ၂ယောက် ဆိုတာကလည်း..ဘယ်လောက်တောင်.. ပရိသတ် ငတ် ပြီး ဖျော်ဖြေ ချင် နေခဲ့လည်း မသိ.. သုမောင် အတွက်တော့.. ဆောင်းပါး ကန့်လန့် တခု ထွက်လာ တာပါပဲ။

ဒါက..အနုပညာ လောက မှာ ပေါ့လေ။ တနေ့တော့.. အဲဒီ အကြောင်း ကိုပဲ..ပြောဖြစ်ကြရင်း..ပြည်ပမှာ ခု လက်ရှိ နေထိုင်လုပ်ကိုင် နေတဲ့..မိတ်ဆွေ ဆရာဝန် တယောက်ကလည်း..သူ့အတွေ့အကြုံကို ပြော ပြတယ်။ သူက..ပြည်တွင်းမှာ ၁၃ နှစ်လောက်.. အစိုးရ တာဝန် ထမ်းဆောင်ခဲ့ တာပါ။ တခါက..ပညာ- ကျန်းမာ ကို တာဝန်ယူ ခဲ့တဲ့..ဗိုလ်ချုပ် ခင်ညွှန့်က.. နိုင်ငံခြားက..ပြန်ရောက်လာတဲ့..အလည်ပြန်လာတဲ့..ဆရာဝန် များကို..ညစာစားပွဲ ကြီး နဲ့ အထူးတလည် ဧည့်ခံ တော့..သူတို့ ပြည်တွင်းက..ဆရာဝန် တွေ ခမျာ.. ခိုးလိုးခုလု အတော် ဖြစ်ခဲ့ ရတယ် တဲ့။ ခုတော့..သူလည်း ..အားကျမခံ..နိုင်ငံခြားပြန် ဖြစ်သွား ပီပေါ့လေ..။

တကယ်တော့..ဒါတွေက..ဖြစ်စဉ် တွေပါ။ ဘယ်သူက..မှားတယ်..ဘယ်သူက မှန်တယ်..ဘယ်သူက..တာဝန်ကျေတယ်..ဘယ်သူက..တာဝန် မဲ့တယ် လို့- ပြောဖို့ခက်တဲ့..ဖြေရှင်းရလည်း ခက်တဲ့..ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း ဆိုတဲ့ ခေါင်းစဉ် အောက်က.. ပုစ္ဆာတပုဒ်ပါ..။ ဟိုက်ပိုသစစ် စ် တခုပါ။ ကိုယ် ကို တိုင်လည်း ပြည်ပမှာ လက်ရှိ နေထိုင် ရပ်တည် နေသူ တယောက် အနေနဲ့.. ဝေခွဲ မရတဲ့..နောက်ဆုတ်မရတဲ့..တခါတလေ..လိပ်ပြာ မအေး ဖြစ်ရ တဲ့..မေးခွန်း တွေပါ။

အဲဒီမှာ ပဲ.. တလောကမှ ဖတ်လိုက်ရတဲ့..တောကျောင်းဆရာ လက်ဆောင်ပေးတဲ့ စာအုပ်တွေထဲက..တအုပ်ဖြစ်တဲ့..“ယုံကြည်မူ တည်ဆောက်ခြင်း ( သို့မဟုတ်) ဒေါက်တာ အောင်ထွန်းသက် နှင့် တွေ့ဆုံခြင်း” ဆိုတဲ့..စာအုပ် ငယ်ကလေး ထဲက.. အမေးအဖြေ တပိုင်းတစ ကို သွား သတိရ လိုက်ပြန်တယ်။ မေးမြန်းသူကတော့..ရွှေကူမေနှင်း ဖြစ်ပါတယ်။

ဆရာမက..လူငယ်တွေ နိုင်ငံခြား သွားကြတဲ့ ကိစ္စ နဲ့ပတ်သတ်ပြီး..ဦးဏှောက်ယိုစီး မူကို စိုးရိမ်တဲ့ အကြောင်း.. ဆရာ အောင်ထွန်းသက်ကို တောင်..ပြည်ပမှာ နေမဲ့အစား..ဗမာပြည်မှာ မြင်ချင်ပါတယ်..နှမြောပါတယ်လို့.. အတိအလင်းကြီး..မေးထားပါတယ်။

ဆရာအောင်ထွန်းသက် ပြန်ဖြေ တဲ့ စကားထဲမှာ-

“ဆရာ စိတ်ပူတာက..ကိုယ့်ဆုံးဖြတ်ချက်က..ဒီမှာပဲ နေချင်တယ်..ဒါပေမဲ့..နေခွင့် မရတဲ့ အခြေအနေမျိုး..တခါ..ကိုယ့်အဆုံးအဖြတ်က..ဟိုကိုသွားချင်တယ်..ဒါပေမဲ့..အခြေအနေ မပေးလို့..မသွားရတာမျိုး..အဲလိုဟာတွေက..စိတ်ညစ်ရမယ်..။ အဲဒါ မျိုး နည်းနိုင် သမျှ..နည်းစေချင်တယ်..ဒီနေ့ လူငယ်တွေထဲမှာ..ရေကြည်ရာ..မျက်နုရာ သွားရှာ ကြတယ်..။ တချို့ မသွားကြဘူး..။ သွားသည် ဖြစ်စေ..မသွားသည် ဖြစ်စေ..သူ့ဟာသူ ဆုံးဖြတ်တာပဲ ဖြစ်စေချင်တယ်။ ”
++++
+++++
“အဲဒီမှာ နှစ်ဖက် ရှိတယ်။ Push factor နဲ့ Pull factor( တွန်းပို့တဲ့ ကိစ္စ နဲ့ ဆွဲခေါ်တဲ့ အရာ) ဒီမှာ မနေချင် အောင် ဖြစ်တာရယ်..ဟိုကို လာချင်အောင် ဆွဲဆောင်တဲ့ ဟာရယ်…
++++
+++
အရေးကြီးတာက..အမြင်ကျယ်ဖို့ပါပဲ။ Broad minded ဖြစ်ဖို့ပါ။ ဘယ်လုပ်ငန်းပဲ ဖြစ်ဖြစ်..ငါ့ဆီကလူ..ဘယ်မှ မသွားရဘူး..သူတို့ဆီက လူ လည်း တို့ဆီ မလာနဲ့ လို့ မတွေးဖို့ပါပဲ..ဘယ်သူမှ အကျိုးမရှိဘူး။”
++++
++++
“Push factor ရှိနေရက် နဲ့ လုံးဝပိတ် လိုက်ရင် ဘာဖြစ်မလဲ.. ဟိုတုန်း..သွားလို့မရဘူး..အခု သွားလို့ ရတယ်..သွားလုပ်ကြ.. ပိတ်ထားရင် သွားချင်တဲ့လူ ဒုက္ခရောက်မယ်..။ အဲဒီ ဆိုးကျိုး ဘယ်သူခံမလဲ..ဒီလူတွေ ခံရမှာပေါ့..။ ဖြစ်နိုင်ရင်.. Push factor လျော့သွားအောင် လုပ်ရမယ်..။”

++++++++++


အခု မြန်မာနိုင်ငံမှာ..လူသိများလာတဲ့..နိုင်ငံခြားပြန်..ဒေါက်တာ အောင်ထွန်းသက် ပြောသွားတဲ့ အဲဒီ.. သုံးသပ် ချက်တွေ ..ဟုတ်လား မဟုတ်လား..ကိုယ်လဲ သေချာ မတွေးတတ် သေးပါဘူး။ တွေးနိုင် မယ်လည်း မထင်ပါဘူး။


သေချာတာကတော့.. နိုင်ငံခြားပြန် ဆိုပြီး..နိုင်ငံခြားမသွားနိုင်သူတွေ..မသွားချင်သူတွေ.. သွားဖို့မလိုတဲ့ လူတွေ အပေါ်မှာ.. တလုံးပို မရှူသင့်ဘူး ဆိုတာလေးပါပဲ။
-
----

ဂျင်းဘောင်းဘီ နိုင်ငံရေး


ဒီခေတ်မှာ- လူတယောက် ဟာ.. အနည်းဆုံး၊ ဂျင်းဘောင်းဘီ တထည် လောက်တော့ ပိုင်ဆိုင် ပေလိမ့်မည်။ မဟုတ်ရင် လည်း.. ဂျင်းဘောင်းဘီ တထည် လောက် လို ချင် လိုက်တာ လို့ - စိတ်ကူးနေ ပေလိမ့်မည်။

ဂျင်းန် အသုံးအဆောင်တွေ ဖက်ရှင်လော က ထဲကို ဘယ် အချိန် က ၀င်ရောက်လာခဲ့ သလည်း။ ၁၉ ရာစု နှောင်းပိုင်း လောက်က.. အလုပ်ကြမ်းသမား တွေ ၀တ်ဖို့..ဂျင်းန် ဘောင်းဘီ တွေ ပေါ် လာ ခဲ့ သည် လို့ တော့..ဆို ထားသည်။ ၂၁ ရာစု - စတိုးဆိုင် ကြီး တွေ ရဲ့ မီးရောင် ပြိုးပြက် အောက်မှာ တော့.. Levis တို့ Wrangler တို့ ဆို တာ..သိပ်ကို ခမ်းနား တဲ့ ဆိုင် ကြီး တွေ ဖြစ်နေပြီ။ ဒီ တံဆိပ် တွေ ကို မ၀ယ် နိုင် သေး ရင် တောင်.. Wal-Mart တို့ ဘာတို့ မှာ..ဈေးသင့်တဲ့ တခြား တံဆိပ် တခု ခု ၀ယ် ၀တ် ဦးတော့...ကျ ကျ နန ရှိ နေ နိုင် သေးသည်။ ဈေးကြီး တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်...ဈေးတော်တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်.... အဲဒီ ပမာဏ တန်ဖိုး တွေ ရဲ့ နောက်ကွယ်က..labor cost ဖြစ်တဲ့..အလုပ်သမားတွေ ရဲ့ ချွေး စက် တွေ မျက်ရည် တွေ အကြောင်း ကိုတော့....ဘယ်သူ မှ တွေး မိ မှာ မဟုတ် တာ..သေချာ လွန်း လှ သည်။

ဂျင်းဘောင်းဘီ ပိုင်ဆိုင်သူများ ( သို့) China Blue

အဲဒီ - မမြင် ရ တဲ့ မျက် နှာ တွေ အကြောင်း ကို ၊ ဂျူးလူမျိုး ဒါရိုက်တာ Micha Peled က China Blue ဆိုပြီး..ကမ္ဘာ့ ဂျင်းန် ၀တ်ဆင် သူများ ထံ ဖွင့်ထုပ် သယ်ယူ လာခဲ့ သည်။ ( အဲဒီ documentary ကို ကြည့် ခဲ့ မိတာ ၂ နှစ် လောက် တောင် ရှိ တော့မည်။ ခုမှ ပဲ ရေး ဖြစ် တာတော့..ခုမှ ပဲ ရေးဖြစ် လို့ပါပဲ။ တရုတ် အိုလံပစ် ကြောင့်လည်း.. အမြင်ကပ် ကပ် နဲ့..ရေးချင် စိတ် ပေါက် လာ တာ ဖြစ် နိုင်သည်။) အမေရိကန်ု အပါအ၀င်..ကမ္ဘာ့ ဈေးကွက် အတော် များ များက.. ဂျင်းန် ဘောင်းဘီ များ ရဲ့ ၉၀ % လောက် ဟာ Made in China ဆိုတဲ့ sweatshop ကြီး ကနေ ထုတ်လုပ် နေ တာပါ။ ဗမာလို အဓိပ္ပါယ် အနီးဆုံး ယူ ကြည့် ရင်တော့..`၀ိသမ လောဘ လုပ်ငန်း´ လို့ ပြော ရမလား။ ဘာလို့..၀ိသမ လောဘ- လို့ ပြော ရ လည်း ဆို ရင်- အခြေ အနေ အရ ဈေးပေါ ပြီးသား ဖြစ်နေ တဲ့ လုပ် အား တွေ အပေါ် မှာ ..ထပ် ဆောင်းပြီး.. ခေါင်းပုံဖြတ်တာ တွေ.. မမျှတတဲ့ အလုပ်ချိန် တွေ.. အနေအစား နှိပ်စက်မူတွေ.. ပြီးတော့..အလုပ်သမား အခွင့်အရေး တောင်းဆိုခွင့် အားလုံးကို အမှောင် တိုက် သွင်းထား တဲ့..လုပ်ငန်းခွင် အခြေ အနေ တွေ ကြောင့် ပါ။ အားလုံး မဟုတ်ရင် တောင်မှ..တရုတ် ပြည် ကြီးထဲ မှာ.. sweatshop တွေ အများကြီး ရှိ နေတယ် ဆို တာ.. အားလုံး သိ နေ ကြပါတယ်။


အဲဒီ မှတ်တမ်း ရှပ်ရှင်လေး ထဲ မှာ-Wal-mart ကို သွင်းဖို့ ဖောက်သည် ရ ထား တဲ့ ဂျင်းန် ဘောင်းဘီ ချုပ် စက်ရုံ တခု ရယ် .. jasmine လို့ နံမယ်ပေး ထား တဲ့..၁၇ နှစ် အရွယ် တရုတ်ပြည်တောင်ပိုင်း က..တောသူ အထည်ချုပ် သမလေး ရယ်..ကို.. ထိထိ မိမိ..ပြီးတော့..ခက်ခက်ခဲခဲ မှတ်တမ်းတင်ထား ခဲ့ တယ်။ ဒါရိုက်တာက..ဒေသဆိုင်ရာ တာဝန်ရှိသူ တယောက် က တဆင့်..စက်ရုံ ထဲက..တာဝန် မှူး တယောက် နဲ့ ကြိုးစားချိတ်ဆက် ပြီး.. လျှို့ဝှက် ရိုက် ကူး ခဲ့ ရ တယ် လို့ ဆို တယ် ။ မနက် ၈ နာရီ ကနေ..ညသန်းခေါင် ၂ နာရီ ထိ ..တပတ်မှာ ၇ ရက် နားရက် မရှိ .. အလုပ် လုပ် ရ တဲ့.. jasmine တို့ ရဲ့.. ပြွှတ်သိပ် နေတဲ့..လူနေ ဆောင် လေး ကို တောင်.. မှုံတိမှုံ မွှား အလင်းရောင် ထဲ မှာ..မရ အရ ရိုက် ယူ ခဲ့တယ်။ သူ့လို တခြား မြို့ပေါ် တက် အလုပ် လာ လုပ်ကြ တဲ့..မိန်းကလေး ၁၂ ယောက် နဲ့ အတူ ရော နေရတဲ့..သူတို့ အခန်း လေးမှာ.. ကိုယ်လက်သန့်စင်ရာ အခန်းက..တခု တည်း ။ စားစရာက..မနက် စွပ်ပြုတ်တခွက်..ည စွပ်ပြုတ် တခွက်။ ၂ ထပ် ကုတင်လေး တွေပူးကပ် နေ တဲ့ ည မှာ..အချင်းချင်း..အိမ်အကြောင်း..တောအကြောင်း..ယာအကြောင်းလေး တွေ ပြောပြီး..အလွမ်းဖြေကျ။ အပူအပင် သိပ် မရှိ တဲ့.. jasmine ကတော့..ဒီ နှစ် တရုတ် နှစ်ကူး မှာ တောပြန်ပြီး..မိဘ ၂ပါးနဲ့..မောင်လေး တွေကို..လက်ဆောင်တွေ ပေး ဖို့..စိတ်ကူး တွေ ယဉ် နေ သေးတယ်။ သူလုပ် ရ တာက.. ချုပ်ပီးသား ဂျင်းဘောင်းဘီ တွေ က..အမှုန်အမွှား ချည်စ အကျန် တွေကို လိုက် ညှပ် ရတာ။ တနာရီ ကို ( အမေရိကန် ဒေါ်လာ အားဖြင့် ) ၆ ဆင့် ရ တဲ့..လုပ်အားခ အတွက်..သူတို့ အားလုံး..မနေ မနား။ အလုပ်သမား ခေါင်း က လိုက်စစ် နေ တဲ့ ကြား မှာ .. အိပ်မငိုက် အောင်..သူတို့ မျက်ခွံ တွေကို..အ၀တ်ညှပ် ကလစ် နဲ့ တောင် ညှပ် ထား ကြ ရ သတဲ့။

ကလေး တွေ ဆို တော့လည်း.. သိပ် ပြီး စိတ်ပျက် ညီးညူ ပုံ မပေါ်။ အိမ် အပြန် ယူသွားမဲ့..ယွမ်ငွေ တွေ တွက် ပြီး...သူတို့ဘ၀ ကို ..ပြုံးစပ်စပ် နဲ့ ..ကျေနပ် နေ ကြ ပုံပဲ။ ဒါပေမဲ့..တကယ် နှစ်ကူး နီး လာတော့.. တနေ့ကို ၁ ဒေါ်လာမပြည့်တဲ့ လစာ ထဲက.နေ..အဆောင်စရိတ်..စားစရိတ်.. တွေ အပြင်.. ကြားထဲ မှာ တရက်.. အိပ်ငိုက်လွန်းလို့..အချိုရည်ဗူး ခိုးထွက်ဝယ်တာ..မိသွားခဲ့ဘူးတဲ့.. ဖိုင်း ရယ်.. နှုတ်လိုက် တော့.. ဝေးလံ လှ တဲ့.. တောင်ပိုင်း က သူ့ရွာ လေး ဆီပြန် ဖို့..ခရီးစရိတ် တောင် မလောက် ရှာ တော့ဘူး။ ဒီ နှစ် မပြန် ရ လည်း..နောက် နှစ် ပေါ့ လို့..သူ တွေး နေ ပုံ ရ သည် ။ သူကိုယ် တိုင် ပင် ဂျင်းဘောင်းဘီ တထည် ကို ၀တ် ထား ရင်း.. ပတ် ပတ် လည် မှာ တောင်လုံ ပုံ နေတဲ့..ဂျင်းဘောင်းဘီ ပုံ ကြီး ထဲ က.. ဂျင်းဘောင်းဘီ တထည် ရဲ့.. ချည်စ တွေ ကို..ခေါင်ငုံ့ဖြတ် နေ ရင်းက.. ကင်မရာ ကို လှမ်းကြည့် တယ်။ ပြီးတော့..သူ့ဘေးက..သူငယ်ချင်း လီပင်း ကိုပါ ကြည့် လိုက် ရင်း..ခပ် ပြုံးပြုံး ပြော ချ လိုက် တယ်။

`ဟောဒီ ဂျင်းဘောင်းဘီ ရဲ့ အိပ်ကပ် ထဲ မှာ..စာလေး တစောင် ရေး ထဲ့ ပေး လိုက် ချင် တယ်။ ဒီ ဘောင်းဘီ ကို လီပင်း က ကြယ်သီး တပ် ပြီး..ကျ မက..ချည်စ တွေ ဖြတ် တယ် ဆိုတာ...´


ဂျင်းဘောင်းဘီ လို ချင် နေ ခဲ့သူများ ( သို့) USSR

တကယ့် ကို.. ဂျင်းဘောင်းဘီ တထည် လောက် ..အသည်းအသန် လို ချင် နေ ခဲ့ တဲ့ သူတွေ.. ဆိုဗီယက် ပြည် ထောင်စု ကြီး ထဲ မှာ .. အများ ကြီး ရှိ နေခဲ့ ဘူးတယ်။ ၁၉၆၀ ၀န်းကျင် ..စစ်အေး ကာ လ ကြီးမှာ .. ဆိုဗီယက် မှာ.. အမေရိကန် ယဉ်ကျေးမူတွေ..အသုံးအဆောင် တွေဖြစ် တဲ့..ကိုကာ ကိုလာ.. ကစ်ကတ်ချောကလက် .. Beatles သီချင်း တွေ အပါအ၀င်.. ဂျင်းဘောင်းဘီ ၀တ်ဆင် မူ တွေ ကိုပါ..တင်းကျပ်စွာ ပိတ်ပင် တားမြစ် ထား ခဲ့ တယ်။ အဲဒီလို သံကန့်လန့်ကာ ကြီး ပိတ်လိုက် ရင်.. လူတွေ လည်း..သံတုံး သံခဲ တွေ လို..ပုံသွင်းချင် သလို သွင်းလို့ ရမယ် လို့ ထင် ခဲ့တဲ့.. အဲဒီ ခေတ် က..ခေါင်း ဆောင် ကြီး တွေ ကို..အံ့ လည်း သြ ပါ ရဲ့ ။

အဲဒီ အချိန် တွေက.. နိုင်ငံခြားသား ခရီးသွား တွေ..ဒါမှမဟုတ်..ရုရှ ပညာ တော်သင် တို့ဘာတို့..တိုင်းပြည် ထဲ ပြန်ဝင် လာရင်.. ဂျင်းဘောင်းဘီ တွေ..မှောင်ခိုသွင်း ကြ တယ် တဲ့ ။ ဗမာပြည် မှာ..ကားသွင်းသလောက်.မြတ် မည့် ပုံပင်။ လမ်းပေါ် မှာ..နိုင်ငံခြား သား ခရီးသွား တယောက် မြင် ရင်..နောက်က လိုက် ပီး.. ဂျင်းဘောင်းဘီ ရောင်းဖို့ ပါ လား လို့..တတွတ်တွတ် လိုက် မေး တဲ့ အထိ တောင် ရှိ ခဲ့ တယ်လို့.. အင်တာနက် တနေရာ မှာ..ပြန် ရှာ ရင်း တွေ့ လိုက် ရ သည်။ တကယ်က..China Blues လိုပဲ..ဒီ အကြောင်းတွေ ကိုလည်း.. documentary တခု မှာ..သေသေချာ ချာ .. ကြည့် လိုက် မိ တာပါ။ အဲဒီ ရုပ်ရှင် ဖိုင် ထဲ မှာ ဆိုရင်.. လူငယ် တွေက.. နိုက် ကလပ် ကို လာ ကြ။ အထဲ ရောက်တာနဲ့..အိပ်တွေ ထဲ မှာ..ခိုးထဲ့ လာတဲ့..ဂျင်းဘောင်းဘီ တွေ..အမြန် လဲဝတ် ကြ နဲ့.. မယုံ နိုင် စရာ ပါပဲ ။ ဒီ့ထက်ပို မယုံ နိုင် စရာက.. တကြော့မှာ..ဂျင်းဘောင်းဘီ အကြီး အကျယ် မှောင်ခိုသွင်း တဲ့ လူ တယောက် ကို..ဖမ်းမိ သွား တာ.. သေဒဏ် ပေးဖို့ ထိ တောင်..ဖြစ်ခဲ့ ရတယ် တဲ့။ တကယ် ပေးဖြစ် ခဲ့ လား ဆိုတာ တော့ မသိ..။ အဲဒီ အချိန်က.. ခေတ်စနစ် ကို ရေးစပ် တဲ့..ကဗျာ ဆရာ ကြီး တွေ..သုံးသပ် တဲ့..ပညာရှင် ကြီး တွေ - တချို့ တော့..သေဒဏ် ပေး ခံ ခဲ့ ရ တဲ့..နာနာကျင်ကျင် မှတ်တမ်းတွေ ရှိ ခဲ့ ဘူး သည်။

+++++++

ခု ဆိုရင်..ဂျင်းဘောင်းဘီ တထည် ၀ယ် တိုင်း.. Made in China ဆိုတဲ့..တံဆိပ်လေး ကို အသာ ကြည့် လိုက် ရင်း..အိပ်ကပ် ထဲ က..စာလေး တစောင် လောက် များ ထွက်လာ မလားလို့..ရယ်သွမ်းသွေး တဲ့ အတွေး နဲ့ တွေး နေ မိ တတ် တယ်။

ချွေး စက်ရုံ ကြီး တွေက..ချုပ်လုပ် တင်ပို့ လိုက် တဲ့..ဂျင်းဘောင်းဘီ တွေ..အသက်နဲ့ ရင်း..အန္တရယ်နဲ့ ရင်းပြီး.. ၀တ်ဆင် ခဲ့ ရ တဲ့..ဂျင်းဘောင်းဘီ တွေ... ။ ကဲ- ဂျင်းဘောင်းဘီ တောင်..နိုင်ငံရေး ဖြစ်သွား ခဲ့ ပြီ။

တကယ်တော့..အားလုံးဟာ- နိုင်ငံရေး ပါပဲ။ ခုဆို..အိုလံပစ် နိုင်ငံရေး.. ။ လောင်စာ နိုင်ငံရေး..။ ကမ္ဘာ ကြီး ပူနွေးမူ နိုင်ငံရေး.. ။ မြန်မာ ပြည်က.. နာဂစ်မုန် တိုင်း နိုင်ငံရေး... ။ ဂန္ဓီကြီး ရဲ့..ဆား လည်း နိုင်ငံရေး... ။ ကချင် ကျောင်းသားတွေ ပြော နေတဲ့..ကျောက်စိမ်း တွေ လည်း.. နိုင်ငံရေး...။ မီးဖိုချောင်က.. အိမ်ရှင်မ တယောက် ရဲ့.. ဆီပုလင်း လည်း..နိုင်ငံရေး ပါပဲ ။


အရှေ့တန်ဖိုး .. အော်တိုကရေစီ .. လီကွမ်ယူ



စင်ကာပူလမ်းလျှောက်ပွဲကတဆင့်..အာဆီယံအကြောင်းတွေးမိသည်။..မိုးသီးဇွန်ရဲ့..နာခံမူကို ဆန်းစစ်ခြင်း စာအုပ်ကိုဖတ်ဖြစ်သည်။ တမြန်နေ့ကပဲ..ကောက်လှန်ဖြစ်သော ၂၀၀၇ ဇွန်လ ထုတ် တိုင်းမ်စ်မဂ္ဂဇင်းပါ တဟုန်ထိုးစင်ကာပူ Soar Singapore ဆိုတဲ့ဆောင်းပါးကို နဲနဲမြည်းကြည့်သည်။ အဲဒီလိုနဲ့.လီကွမ်းယူဆိုသော..အောင်မြင်ကြီးကျယ်သော..စင်ကာပူနိုင်ငံ၏ဖခင်ကြီးအကြောင်း ဆန်းစစ်ကြည့်ဖို့.လုံလောက်သော အတွေးများရလာခဲ့သည်။

အောင်မြင်သူ

လီ..တကယ်ကိုအောင်မြင်ပါသည်။..စင်ကာပူအမျိုးသားနေ့လူထုအလှပြပွဲခင်းကြီးရဲ့အလယ်.. ပီသုံးလုံးပါတီရဲ့ အဖြူရောင်တူညီဝတ်စုံဆင်မြန်းထားကြသော.. တပည့်တပန်းများကြားမှာ.. ပြုံးပြုံးကြီး..ကျေနပ်နေသော..သူ့မျက်နှာသည်..မနာလိုချင်စရာကောင်းလောက်အောင်ကို.. ၀င့်ထယ်လှပါသည်။ ကြည့်ပါဦးလေ။ တိုင်းပြည်ကြီးကလည်း ပြည့်စုံလို့။ သားကြီးသြရသကလည်း သူ့အရိုက်အရာကိုဆက်ခံလို့။ သားငယ် သမီးငယ်တွေကလည်း..တိုင်းပြည်ရဲ့အရေးကြီးတဲ့..တာဝန် တွေကို အသီးသီးထမ်းဆောင်လို့။ ထက်မြတ်တဲ့ ငယ်ပေါင်းကြီးဖော် ဇနီးသည်ကလည်း အသက်ရှည်ရှည်..ခင်ခင်မင်မင်ဆိုသလို။...ပါလီမန်ကြီး တခုလုံး ကိုလည်း..ဂုဏ်ထူးဆောင်ရာသက်ပန်နာယကကြီးအဖြစ်နဲ့..မီးသေတုံး။ အင်..ကျန်သေးတယ်..၀န်ကြီးချူပ် ကတော်..ချွေးမကလည်း တနိုင်ငံလုံးရဲ့စီးပွါးရေးအချူပ်အခြာပိုင်ဆိုင်မူတွေကို..ထိန်းချူပ်ထားတဲ့...တီမားဆပ်.ဦးပိုင်လိမိတတ်ကြီးမှာ..ဥက္ကဠ။...မကြာသေးခင်ကမှ..အမေရိကန်အခြေစိုက်..ဓန..Fortuneမဂ္ဂဇင်းကြီးကနေပီးတောင်..ကမ္ဘာ့..နံပတ်သုံး..အအောင်မြင်ဆုံး..စီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးအဖြစ်..်ရွေးချယ်ခံလိုက်ရသေး။ ဒီလိုဘ၀မျိုးကိုမှ..အောင်မြင်ကြီးကျယ်တယ်မခေါ်လျှင်..ဘာကိုခေါ် ရတော့မလဲ။

အရှေ့တန်ဖိုးနဲ့..အနောက်တန်ဖိုး

မိုးသီးဇွန်ရဲ့..နာခံမူကိုဆန်းစစ်ခြင်းစာအုပ်မှာ..ဗမာလူမျိုးတွေ..တလျှောက်လုံး....လက်ကိုင်ပြုလာသော..လောကနီတိကျမ်းကြီးကို..ရဲရဲတင်းတင်း..ခွဲခြားသုံးသပ်ပြသွားသည်။...ဗမာလူမူအသိုင်းအ၀ိုင်းထဲမှာ..ဗုဒ္ဒဘာသာနဲ့အတူရောနှောစိမ့်ဝင်လာတဲ့..လောကနီတိရဲ့ကျမ်းရှင်..စဏတျကို..နိုင်ငံရေးဆရာကြီး..အာဏာပွဲစားကြီးအဖြစ်..ခပ်ကြမ်းကြမ်းလေးသရုပ်ဖော်သွားသည်။ ကောင်းပါတယ်။..ကိုယ်ကတော့..ကျမ်းတက်ပေတတ်လည်းမဟုတ်.လောကနီတိကိုလည်း..ဃဃနနမသိသူမို့..သူထောက်ပြသွားတဲ့ အချက်တော်တော်များများဟာ..လက်ခံနိုင်စရာတွေလို့ပဲ..မြင်မိပါတယ်။ စဏတျဟာ..သူ့ရှေ့က..နံမည်ကျော်ကြားခဲ့တဲ့..ကွန်ဖြူးရှပ်တို့..စွန်ဇူတို့လိုပဲ ..အရှေ့စံနှူန်းတွေကို နိုင်ငံရေးနဲ့လူမူရေးနယ်ပယ်မှာ သူ့စိတ်ကြိုက်ပြဠန်းသွားခဲ့ပါတယ်။ ခုထက်ထိလည်း..မြန်မာ့အလင်း သတင်းစာမျက်နှာဖုံးမှာ တနေ့တမျိုးတွေ့မြင်နေရဆဲပါ။

တကယ်တော့..၆၀၀ဘီစီနဲ့...၃၀၀ဘီစီအကြား..အရှေ့တိုင်းမှာ..ကွန်ဖြူးရှပ်တို့..စွန်ဇူးတို့..ခု..စဏတျ တို့လိုပညာတတ်ပုဂ္ဂိုလ်ကြီးတွေရဲ့..အရှေ့တိုင်းစံနှူန်းတွေ...ထွန်းကားခဲ့တာနဲ့.မရှေးမနှောင်းဆိုသလိုပဲ..ဆိုကရေးတီးတို့လို..ပလေတိုတို့လို..တွေးခေါ်ပညာရှင်ကြီးတွေကလည်း..ဒီမိုကရေစီသဘောတရား


အပါအ၀င် အနောက်တိုင်းစံနှူန်းတွေကို အုတ်မြစ်တည်ခဲ့ကြပါတယ်။
အဲဒီ..အရှေ့လား အနောက်လား .. ဇတ်လမ်းတွေက ခုထိမပီးသေးပါ။ လီကွမ်ယူအပါအ၀င် ယခု အာဆီယံခေါင်းဆောင်အများက ..ဒီမိုကရေစီဆိုတာ အနောက်တိုင်းတန်ဖိုးသတ်မှတ်ချက်မို့.. ပုံတူကူးချစရာ မလိုဘူးဆိုတဲ့အမြင်များရှိနေကြတယ်။..ဒီမိုကရေစီဆိုသောစကားကိုနိုင်ငံတကာဘောင်ဝင်အောင်...ကြားကောင်းအောင်သာ..အော်နေကြသော်လည်း..တကယ့်တကယ်မှာတော့..ဦးနေ၀င်းကြီးထွင်တဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဆိုသလိုမျိုး...ကိုယ့်နည်းကိုယ့်ဟန်..ဒီမိုကရေစီလုပ်နေကြ ခြင်းပါပဲ။ မိုးသီးဇွန်ပြောသလို.. ပုံဖျက်ထားသောဒီမိုကရေစီ (သို့မဟုတ်) တပါတီတည်းကသာ..ထပ်ပြန်တလဲလဲ အာဏာရနေသော Autocracy အော်တိုကရေစီ များကခပ်များများ ဖြစ်နေကြပါတယ်။
စင်ကာပူကိုပဲကြည့်ပါတော့။ ပီးတော့..သူတို့ အာစီယံနိုင်ငံအကြီးအကြဲတွေ..ဘာလုပ်များ..ဒီလောက်တကမ္ဘာလုံး နားပူနားဆာလုပ်နေတဲ့ မြန်မာနိုင်ငံအရေးကိစ္စကို.. နားထိုင်းနေကြသလဲ။ သိက္ခာတွေလည်း ကျနေတာရစရာမရှိတော့။ ဘာဖြစ်လို့များ ဒီလောက်တောင် ပေတေတေကြီးတွေ ဖြစ်နေကြတာလဲ။ အဲဒီထဲမှာမှ လီကွမ်ယူ ဟာ..ကွန်ဖြူးရှပ်ရဲ့..အရှေ့တိုင်းဥပဒေသတွေကို စံထား ကျင့်သုံးသူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။


လီဟာ အနောက်တိုင်းတက္ကသိုလ်ထွက်ဖြစ်ပီး..အနောက်ကနည်းပညာတွေနဲ့ အနောက်ပုံစံငယ် နိုင်ငံလေး ကိုဖန်တီးနေပေမဲ့..အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကို သတိနဲ့ချည်းကပ်သူဖြစ်ပါတယ်။ ကြုံရင်ကြုံသလိုလည်းဝေဖန်ပါတယ်။ သူဟာမျိုးချစ်စိတ် မာနရှိသူဖြစ်ကြောင်းနဲ့.. westernization ကိုတွန်းလှန်နေသူဖြစ်ကြောင်း မသိမသာမြင်နိုင်ပါတယ်။ စင်ကာပူပါလီမန်ထဲက..ပီသုံးလုံးပါတီဝင်တွေဟာ..ဘယ်တော့မှ..အနောက်တိုင်းဝတ်စုံမ၀တ်ကြပါဘူး။ အမျိုးသားဝတ်စုံလည်းသတ်သတ်မှတ်မှတ်မရှိတဲ့အတွက်..အနွေးထည်လိုလို ဂျာကင်လိုလို အကျီင်္မျိုးကိုဝတ်ဆင်ကြတာ..ပြုံးချင်စရာပါ။.


ကမ္ဘာ့ဇာတ်ခုံပေါ်မှာ..အဲလိုဖော်ပြနည်းမျိုးကို.. ထင်ရှားတဲ့အမေရိကန်ဆန့်ကျင်ရေးသမားတွေဖြစ်တဲ့...ကျူးဘားသမ္မတ Castro အီရန်သမ္မတ..Ahmadinejad..ပီးတော့..ဗမာပြည်က..နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်တို့ပြသခဲ့ကြပါတယ်။ အဲလိုပဲ..အနောက်တိုင်း ဒီမိုကရေစီအသိုင်းအ၀ိုင်းကလည်း လီကို သိပ်ပီးလူရာသွင်းဟန်မပြပါဘူး။ စင်ကာပူနိုင်ငံတိုးတက်အောင်မြင်နေတာ..မြင်နေလက်ခံနေကြပေမဲ့လည်း..လီရဲ့စွမ်းဆောင်ချက် တွေကို ဂုဏ်တင်ချီကျူးလေ့မရှိပါဘူး။

လီကွမ်ယူနဲ့ဗမာပြည်

လီထူထောင်ခဲ့တဲ့ စင်ကာပူနိုင်ငံကြီးနဲ့..ဗမာ့အသိုင်းအ၀ိုင်းကြားမှာ..ဆက်စပ်မူတွေအလွန်များပြားခဲ့ ပါတယ်။ တချို့လဲဆိုတယ်။ စင်ကာပူ မြို့ပြစီမံကိန်းကို ဦးနုရဲ့ပြည်တော်သာစီမံကိန်းက လွှမ်းမိုးခဲ့တယ်ဆိုတာမျိုး။ ဗမာပညာရှင်တွေများစွာနဲ့ စင်ကာပူနိုင်ငံကြီးကို အားဖြည့်ခဲ့ကြတယ် ဆိုတာမျိုးလို။ ခုချိန်မှာလည်း ဗမာ့လူသားရင်းမြစ်တွေကို ပွဲလန့်တုန်းဖျာခင်းပီး..သိမ်းကျူံး ကောက်ထဲ့နေတယ်ဆိုတဲ့အမြင်မျိုး ။ (အကောင်းမြင်မယ်ဆိုရင်လည်း..ရနိုင်တဲ့အခြေအနေပါ)
ပါးစပ်ရာဇ၀င်တွေအရတော့..လီ ဟာ ဦးနေ၀င်းနဲ့ အပေးအယူလုပ်ခဲ့ပီး အရှေ့နဲ့ အနောက် ရေကြောင်း ဆက်သွယ်ဖို့ တူးမြောင်းကြီး တနသာင်္ရီတိုင်းကိုဖြစ်ဖေါက်ဖို့ စီမံကိန်းကို ပယ်ဖျက်နိုင်ခဲ့တယ် လို့လည်း ဆိုကြတယ်။ အဲဒီအတွက်..စင်ကာပူရဲ့ဆိပ်ကမ်းစီးပွါးရေးကြီး အကြီးအကျယ်အကျိုးအမြတ်တွေရခဲ့ပီး
ဦးနေ၀င်းကတော့ မိသားစုပိုင် မြေကွက်တချို့ စင်ကာပူ မှာရခဲ့တယ်လို့ဆိုပါတယ်။

မြန်မာပြည်မှာလည်း...လူကြိုက်များတဲ့...လီကွမ်ယူအတုပတ္တိစာအုပ်ကြီးဟာ..နှစ်လက်မလောက်ထူပါတယ်။ ကိုယ်တိုင်တော့မဖတ်ဘူးပေမဲ့ ကောက်နုတ်ချက်တခုမှာ တွေ့လိုက်ရတာတော့ အဲဒီစာအုပ်ထဲမှာ လီက..


ဦးနေ၀င်းကို ချီးကျူးရေးသားပြောဆိုထားချက်တွေပါတယ်ဆိုတာရယ်... မြန်မာပြည်သားတွေဟာ..ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူးလို့....သုံးသပ်ထားတယ်ဆိုတာကတော့ အတော်စိတ်ဝင်စားစရာပါ။

ခုန်နေသောပင့်ကူများ

ဘားမားတူဒေးအင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့ဘူးပီး နယူးယောက်အထက်ပိုင်းဗမာလူငယ်များ ရေးသားတဲ့ ခုန်နေသောပင့်ကူများ ဆိုတဲ့ဆောင်းပါးကို စိတ်ဝင်တစားဖတ်ခဲ့ဘူးပါတယ်။ တရုတ်လူမျိုးနွယ်စုတခုဖြစ်တဲ့..ဟက်က(Hakka)ဆိုတဲ့..အဓိပ္ပယ်ရင်းကို....တင်စားဖွင့်ဆိုထားခြင်းဖြစ်ပီး နံမယ်ကျော် ဟက်က လူမျိုးများ အကြောင်း ဆက်စပ်ဖော်ပြထားပါတယ်။ မှတ်မိတာတော့ မော်စီတုန်း လီကွမ်ယူ ဦးနေ၀င်းနဲ့ ထိုင်းဝန် ကြီးချူပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့ပါပဲ။ မျိုးနွယ်ခြင်းတူလို့ပဲလား....စိတ်ဓါတ်ခြင်းတူလို့ပဲလားတော့မသိ..လီဟာ..ဦးနေ၀င်းနဲ့အပေးအယူမျှခဲ့သလို...သက်ဆင်နဲ့လဲ...သတင်းလွေ့ခဲ့ကြပါတယ်။..သက်ဆင်ရဲ့ဘ၀ကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့တဲ့.. ရှင်းကော်ပိုရေးရှင်းအရောင်းအ၀ယ်ကိစ္စမှာ ပါင်ပတ်သတ်နေခဲ့တာဟာ လီတို့မိသားစုချူပ်ကိုင်ထားတဲ့..စင်ကာပူနိုင်ငံရဲ့ထိပ်တန်း တီမားဆက်ဦးပိုင်လီမိတတ်ကြီးပါပဲ။
အကြီးအကျယ်အဝေဖန်ခံခဲ့ရတဲ့....နိုင်ငံဥလျှောင်ကြီးတွေရဲ့ဥပဒေလက်တလုံးခြားလှည့်..အရောင်းအ၀ယ် ကြီးအဖြစ် သမိုင်းတွင်နေပါတယ်။

တဟုန်ထိုးစင်ကာပူ

ဘယ်သူတွေဘာပဲပြောပြော စင်ကာပူကတော့ တဟုန်ထိုး တိုးတက်လာနေပါတယ်။
အခုနောက်ဆုံး Marina Bay Sands ဆိုတဲ့ Casino စီမံကိန်းနဲ့ Sentosa Cove ဆိုတဲ့အထူးအဆင့်မြင့်..(ရိုးရိုးအဆင့်မြင့်မဟုတ်ပါ)..အိမ်ယာစီမံကိန်းသစ်တွေဟာ..နောင်လာမဲ့နှစ်အနည်းငယ်အတွင်းမှာ..စင်ကာပူရဲ့ပုံရိပ်ကို...လုံးဝပြောင်းလဲသွားစေမယ်လို့..ခန့်မှန်းမျှော်လင့်ထားကြပါတယ်။ စင်ကာပူနိုင်ငံမှာ လောင်းကစားခြင်းကို တရားဝင်လုပ်သင့်မလုပ်သင့် ပါလီမန်မှာ အတော်ကြာ ငြင်းခုံနေခဲ့ကြပါတယ်။ နောက်ဆုံး လီက တချက်ပဲဝင်ပြောလိုက်တယ် ။ ဘယ်တရုတ်လူမျိုးဟာ လောင်းမကစားပဲနေမှာလဲကွ ဆိုတော့..ကာစီနိုလောင်းကစားဥပဒေဟာ ချက်ချင်းဆိုသလို အတည်ပြုလိုက်နိုင်ပါတော့တယ်။



(Scale model of the development together with the Singapore skyline on display in the URA Gallery. Source: )


ခုဆို ဗမာလူငယ်တွေလဲ..စင်ကာပူ ကာစီနိုကိုအကြောင်းပြုလို့...ကျောင်းတွေတက်ဖို့လမ်းပွင့်ကြသည်။..အလုပ်အကိုင်တွေတိုးပွါးလာသည်။ ကျောင်းပွဲစားတွေလည်း ပျော်ကြသည်။ ဒါပေမဲ့ လူတွေရင်ထဲမှာ စိုးရိမ်မူတွေရှိနေကြသည်။ လောင်းကစားကြောင့်ရှုပ်ထွေးလာမဲ့...လူမူရေးပြသာနာတွေကိုတွေးပူကြသည်။
ဒါဆိုအရှေ့တောင်အာရှက..ကျောင်းသားတို့ပညာရှာရာ...နိုင်ငံတကာက..ပညာရှင်တို့သာယာ ကြည်နှူးရာ..ဒီကျွန်းကလေးသာ..မကာအိုလိုလူဆိုးဂိုဏ်းတွေများလာမယ်ဆိုရင်..ဘယ်လိုလုပ်ကြ မလဲဆိုတာ..စဉ်းတော့ စဉ်းစားစရာပါ။


( Sentosa Cove Bunglow Model from its website)



လူဆိုးဂိုဏ်းတင်မက.. မီလျံနာတွေလည်းရောက်လာကြလိမ့်မည်။..

Sentosa-Coveမှ အထူးလုံးချင်း အိမ်ယာ များက ဒေါ်လာသန်း ၂၀ တန်အထိတောင်ရှိပါတယ်တဲ့။ သန်း ၂၀ ဆိုတော့..ဘယ်လိုလူမျိုးတွေ...၀ယ်မှာလဲ ဆိုတာ..မေးစရာမလိုပါ။...ကမ္ဘာတ၀ှမ်းက..ငွေမဲတွေ ပေါနေ သော သူဠေးများ..အာဏာရှင်များနဲ့..ရင်းနှီး မြုပ်နှံမည့် သူများသာ ၀ယ်နိုင်ပါလိမ့်မည်။ အဲဒီအတွက်ကြောင့်..နိုင်ငံခြားသား မြေယာပိုင်ဆိုင်မူ ဥပဒေတွေကိုလည်း...မနှေးအမြန်ပင် စီစဉ်လိုက်သည်။


ငွေ နဲ့ သိက္ခာ

လောကမှာ..ငွေနဲ့ သိက္ခာ..ဘယ်ဟာမှန်သလဲ ဆိုရင်..ဖြေဖို့ခက်ပါလိမ့်မည်။ Reality ကဘာလဲ..ငွေရှိမှလူရာ
ဝင်တာ..လူတိုင်းငွေရှိချင်တာပဲ ..မင်းကော ငွေမမက် ဘူးလားလို့ မေးခဲ့ရင် .. အင်း..ဟုတ်သားပဲလို့ ဖြေမိမလား။ ငွေ နဲ့ သိက္ခာ အလဲအလှယ်လုပ်ရမယ်ဆိုရင်တောင်... သိက္ခာတွေ အလိုက်တောင် ပေးဦးမယ့်.လူတွေမရှားပါ။...ဒါပေမဲ့..အသိုင်းအ၀ိုင်းတခုအလယ် ရပ်တည်မူတခုနဲ့. တင့်တယ်စွာ နေချင်သူများ အတွက်တော့ အဲဒီ နာမ်ပုဒ် နှစ်ခုကို ညီမျှအောင်ထိန်းသိမ်းဖို့..အတန်ငယ်ခက်ပါလိမ့်မည်။ ဒီနေ့ခေတ်..ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ human right တို့ humanity တို့ Integrity တို့လို သံတမန် စကားလုံး လှလှလေးများ အတော်အရေးပါလာပါပီ။ အဲဒါကြောင့်..ကမ္ဘာ့အသိုင်းအ၀ိုင်းကြီးက..အာစီယံ ဘယ်လဲ ဘာလဲလို့..တမေးတည်းမေးနေကြသည်။ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုသော အဖြေသည်..မလုံလောက်မှန်း ..မခိုင်လုံမှန်းလည်း..အားလုံးသိကြပါသည်။ သို့သော်....။

လီကွမ်ယူ နှင့် စင်ကာပူနိုင်ငံကရော.. ။ ဆက်စပ်မူတွေများပြားလှသော..အိမ်နီးချင်း မြန်မာနိုင်ငံအတွက်..ဘယ်လို..သံတမန်ရေးရာမူဝါဒတွေကို ဆက်လက်ဆုပ်ကိုင်ထားဦးမလဲ။ မသိကျိုးကျွံပြုစရာများကိုပြု၍..သိသိသာသာအကျိုးအမြတ်ရမည့်ကိစ္စများကိုသာ..အာရုံစိုက်တော့မည်လား။ လီ တယောက် .. ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့များ တက်ေ၇ာက်ယူရာနိုင်ငံတွေမှာလည်း..ဆန္ဒပြမူများ..ကန့်ကွက်မူများ..ရင်ဆိုင် ခဲ့ရဘူးသည်။ အောင်မြင် ကြီးကျယ်သော်လည်း မြင့်မြတ်တည်ကြည်ဖို့များ လိုနေသေးသလားဆိုသော..မေးခွန်းများလည်း ရှိနေပါသေးသည်။

Related Links
http://burmatoday.net/article2005/070121_aungmoewin.swf
http://en.wikipedia.org/wiki/Kra_Isthmus
မိုးသီးဇွန်ရဲ့ နာခံမူကိုဆန်းစစ်ခြင်းစာအုပ် (ရွက်မွန်စာမျက်နှာမှ)