Friday, October 16, 2009

နှလုံးသားကို နူးညံ့စေတဲ့ သီချင်းလေးတွေပါ...။

The story of Mooncakes


လမုန့် ပွဲတော်အကြောင်း

တရုတ် ဆောင်မင်းဆက် ပျက်သုံးသွားတဲ့နောက်ပိုင်းမှာ တရုတ်ပြည်ကို တာတာလူမျိုးမွန်ဂိုများ သိမ်းပိုက် အုပ်စိုးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ မွန်ဂိုတွေက တရုတ်တစ်နိုင်ငံလုံးကို သိမ်းပိုက် ချုပ်ကိုင်ထားပေမယ့် အချိန်မရွေး ပုန်ကန်လာမှာကို စိုးရိမ်နေကြပါတယ်။ ပုန်ကန်သူတွေကို စစ်အင်အားသုံးပြီး နှိမ်နှင်း သတ်ဖြတ်နေပေမယ့် ပုန်ကန်မှုတွေကို လုံးဝ ပပျောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ နောက်ဆုံး မွန်ဂိုတွေက အိမ်တိုင်း အိမ်တိုင်းမှာ မွန်ဂိုစစ်သား တစ်ယောက်ကို အစောင့်ချထားပြီး တရုတ်တွေ လှုပ်ရှားလို့ မရအောင် စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအစီအစဉ် အတိုင်း အိမ်တိုင်းမှာ လက်နက်ကိုင် မွန်ဂိုစစ်သားတွေကို အစောင့်ချထားပြီး အိမ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ချယ်ခဲ့ပါတယ်။

ဒါပေမယ့် ရဲရင့်တဲ့ မျိုးချစ်တရုတ် တချို့တလေကတော့ မွန်ဂိုစစ်သားတွေ စောင့်ကြည့်နေတဲ့ကြားက ပရိယာယ်တွေသုံး၊ အကြောင်းအမျိုးမျိုးပြပြီး အပြင်ထွက်လာကြတယ်။ တောထဲမှာ စုရပ်ထားပြီး စကားပြောဆို ဆွေးနွေးကြပါတယ်။ တာတာတွေက အိမ်တိုင်းမှာ စောင့်ကြည့်နေတာမို့ အိမ်တိုင်းကို စည်းရုံးလှုံ့ဆော်ဖို့ မဖြစ်နိုင်တာကို အဖြေရှာ ဆွေးနွေးကြပါတယ်။ အိမ်တိုင်း တပြိုင်နက်တည်း ပုန်ကန် ထကြွဖို့ မလွယ်ကူတာကို စဉ်းစားမိကြပါတယ်။

အဲဒီအချိန်မှာ လူကြီးတစ်ဦးက အကြံပေးပါတယ်။ သူ့မှာ လျှို့ဝှက်အကြံအစည် တစ်ခုရှိတယ်တဲ့။ အဲဒါက မနက်ဖြန်မှာ ကျရောက်မယ့် လမုန့်ပွဲတော်မှာ ရိုးရာအစဉ်အလာအတိုင်း အိမ်တိုင်းအိမ်တိုင်းကို လမုန့်တွေ ဝေငှဖို့ရှိပါတယ်။ အဲဒီ လမုန့်အထဲမှာ ပုန်ကန်မယ့် လျှို့ဝှက်အစီအစဉ်တွေကို စာနဲ့ရေးထားလိုက်မယ်။ ပြီးရင် ဝေထားတဲ့ လမုန့်တွေကို အိမ်တိုင်း ခွဲစားကြဖို့ တိုက်တွန်းလိုက်မယ်တဲ့။ ဒါနဲ့ပဲ အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့လိုက်တယ်။

နောက်တစ်နေ့ လမုန့်ပွဲတော်ကို ရောက်လာတဲ့အခါ ဦးဆောင်လှုပ်ရှားတဲ့ တရုတ်မျိုးချစ်လူငယ်တွေက အိမ်တိုင်းအိမ်တိုင်းကို လမုန့်တွေ လိုက်လံဝေငှကြပါတယ်။ အိမ်ရှေ့ခြံအ၀မှာ မွန်ဂိုစစ်သားတွေ စောင့်ကြပ်နေပေမယ့် အမူအရာ မပျက်ပဲ လမုန့်တွေကို ရိုးရာအစဉ်အလာအတိုင်း ခွဲစားကြဖို့ အိမ်တိုင်းကို တိုက်တွန်းကြပါတယ်။ မွန်ဂိုတွေကတော့ တရုတ်တွေရဲ့ ပွဲတော်ဓလေ့ ရှေးထုံးစံတစ်ခုလို့ ထင်ထားတဲ့အတွက် သံသယ မထားမိကြပါဘူး။ အိမ်သားတွေလည်း လမုန့်တွေကို ခွဲစားကြတဲ့အခါ အထဲမှာ စာတိုလေးတွေကို တွေ့ရပါတယ်။ ဒီညမှာ အိမ်တိုင်းက မွန်ဂိုစစ်သားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ တိုက်တွန်းနှိုးဆော်ထားတာကို သူတို့ ဖတ်ရှုလိုက်ရတယ်။

ညဉ့်နက်ပိုင်းကို ရောက်တဲ့အခါမှာ အိမ်တိုင်းအိမ်တိုင်းက မွန်ဂိုစစ်သားတွေကို နည်းအမျိုးမျိုးသုံးပြီး လုပ်ကြံ သတ်ဖြတ်ခဲ့ကြပါတယ်။ အဖိုးအဘွားတွေပဲ ရှိတဲ့အိမ်တွေကလည်း မွန်ဂိုတွေ စားမယ့် အစားထဲကို အဆိပ်ခတ်သလို လူရွယ်တွေ ရှိတဲ့ အိမ်တွေကလည်း မွန်ဂိုတွေ ငိုက်မြည်းနေတဲ့အချိန်မှာ ပုဆိန်တွေ၊ ဓါးတွေနဲ့ လုပ်ကြံပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်နက်အားကိုး စစ်အင်အားသုံးထားတဲ့ မွန်ဂိုတွေရဲ့ အနိုင်ကျင့် အုပ်စိုးမှုကို စနစ်တကျ တွန်းလှန်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီအဖြစ်အပျက်ကို အမှတ်တရ ရှိနေစေဖို့အတွက် ပွဲတော်ရာသီရောက်တိုင်း မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ အိမ်တိုင်းကို လမုန့်တွေ လိုက်လံဝေငှကြပြီး စားသောက်တဲ့ဓလေ့ ဖြစ်ပေါ်လာပါတယ်။ လမုန့်ထဲမှာ သွပ်ထားတဲ့ အစာတွေကတော့ အမျိုးမျိုး ပြောင်းလဲနေသလို လမုန့်ပွဲတော်ရဲ့ ရည်ရွယ်ချက်တွေ အထိမ်းအမှတ်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ အခုခေတ်မှတော့ မိသားစုဝင်တွေ ပြန်လည် ဆုံတွေ့တဲ့ အထိမ်းအမှတ်၊ မိသားစုဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းတဲ့ အထိမ်းအမှတ်အနေနဲ့ လမုန့်ချိုချိုလေးတွေကို စားသောက်လေ့ ရှိလာခဲ့ပါတယ်။

Thursday, October 8, 2009

တကြိမ်အောင်မြင်ရင်ရပြီ

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ
ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး
မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။
၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး
မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက်
ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး...
သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက်
ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ
မရှိခဲ့ဘူး။

၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့
ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။

၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့
အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့
တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး
တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ
ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့
ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။
ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက်
အမှုဖြစ်ပွါးခဲ့ရတယ်။

၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။

၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast
food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို
အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ
သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။

၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့်
ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က
သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့
လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ
ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့
အခွင့်အလမ်းရခဲ့တယ်။

၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို
သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး
အမှုဖြစ်ခဲ့ရတယ်။

၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။

သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland
David Sanders Colonel Sanders (September 9, 1890 – December 16,
1980)ပဲ ဖြစ်ပါတယ်။

"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့
ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို
တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က
ပြောခဲ့ပါတယ်။

မူရင်းရေးသားသူ... Wang Jin Yao (汪金友) 一次成功就够了

http://en.wikipedia.org/wiki/Harland_Sanders

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, October 1, 2009

ဇင်ဘာဗွေနှင့် မြန်မာငွေ

“မေမေ သား ကျောင်းသွားတော့မယ်”
ကျနော် ဒီလိုပြောလိုက်ရင် အမေသိလိုက်တယ်၊ သူ့သားလေး မုန့်ဖိုး တောင်းနေပြီဆိုတာ။ ကျနော့်အမေက အဲသလောက် ပညာရှိတာကိုးဗျာ့။ အဲလိုပြောလိုက်တိုင်း အမေက သူကျစ်ကျစ်ပါအောင် သိမ်းထားတဲ့ ရှိစုမဲ့စုပိုက်ဆံတွေထဲက ငါးကျပ်လောက်တော့ အမြဲပေးလေ့ရှိတယ်။ ဆင်းရဲရှာတာကိုး။ သားသမီး (၇) ယောက်ထဲက ကျနော်က အလတ်ကောင်။ ပေါက်စလေးတွေဖြစ်တဲ့ ညီမလေးသုံးယောက်နဲ့ ညီလေးတစ်ယောက်၊ အကိုတစ်ယောက်၊ အမတစ်ယောက်။ အလယ်က ကျနော်။ ဒါတောင် တစ်ယောက်က မွေးပြီးသိပ်မကြာခင်မှာပဲ ဆုံးသွားသတဲ့။ ကျနော်မတွေ့ မမြင်လိုက်ရတဲ့ ကိစ္စ။ ကျနော့်အရင် ဖြစ်ခဲ့တာ။ ဆုံးသွားတဲ့ကလေးက ကျနော့် အထက်ကြပ်ကြပ်။ အဖေရော အမေရော မျိုးကောင်းကြတယ်ထင်ရဲ့။ မွေးလိုက်တာလဲ လွန်ပါရော။ ဒီခေတ်ကြီး ဒီလောက်မွေးတာ ဆင်းရဲ့တဲ့ မိသားစုအတွက် သက်သာတဲ့ ကိစ္စတော့မဟုတ်။ အဖေရှာနိုင်လို့သာ ကျနော်တို့ ညီအကို မောင်နှမတွေ အသက်ရှင်ခွင့်ရကြတယ်လို့ ဆိုရမယ်။

အမေပေးလိုက်တဲ့ ပိုက်ဆံငါးကျပ်ထဲက တစ်နေ့စာအတွက် မုန့်ဖိုးလဲလောက်တယ်၊ ကြက်ပေါင်ကွင်းတွေလဲ ငါးမူးဖိုးလောက်ဝယ်ပြီး တစ်နေကုန်အောင် ကောင်းကောင်းဆော့နိုင်တယ်။ တစ်နေ့တစ်နေ့ အနည်းဆုံးတစ်ကျပ်လောက်လဲ အပိုအလျှံထွက်သေးတယ်။ သိမ်းထားတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ အမေ့လက်ထဲ ဘိုင်ပြတ်နေတဲ့အခါနဲ့ ကြုံရင် သိမ်းထားတာလေး ထုတ်ထုတ်သုံးရတယ်။ ဒါတောင် အဘိုးသိရင် အပြောခံရသေးတယ်။ “မင်းတို့လက်ထက်ပဲ ကြားဖူးတယ်ကွာ။ တစ်နေ့တစ်နေ့ မုန့်ဖိုး ငါးကျပ်ကြီးများတောင် ပေးရတယ်လို့။ ငါတို့ ငယ်ငယ်တုန်းကတော့ တစ်နေ့ တစ်ကျပ်လောက်ဆိုရင်ပဲ စားလို့သောက်လို့ မကုန်နိုင်ဘူး။ ကောက်ညင်းပေါင်း တစ်မတ်ဖိုးဆို နှစ်ယောက်လောက် ကောင်းကောင်းဝတယ်ဟေ့။ မင်းတို့ခေတ်ကြီးကိုက တော်တော် ဆိုးလာပြီကွ” တဲ့။

မသိလိုက်၊ မမီလိုက်တဲ့ခေတ်က အဖြစ်အပျက်ကို ကိုယ်စားပြုတဲ့ အဘိုးစကားကို ကျနော် မကြာခဏကြားနေရပေမဲ့ မယုံနိုင်အောင် ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဘယ်နှယ်ဗျာ၊ ကောက်ညှင်းပေါင်း တစ်မတ်ဖိုး နှစ်ယောက်စားမကုန်နိုင်ဘူးရယ်လို့။ အခုတော့ ယုံပါပြီ အဘိုးရယ်။ အဲဒီတုန်းက (ကျနော်ကလေးပေါက်စဘ၀) မြန်မာပြည်မှာ တစ်ရာတန်ဆိုတာ ဆင်းရဲသားအတော်များများတောင် မမြင်ဖူးတဲ့ ငွေကျေးရယ်ပါ။ မှတ်မိသေးတယ်။ ကျနော့်အဖေက ပဲ့နင်း၊ အများသိအောင်ပြောရရင်တော့ ကက်ပတိန်ပေါ့။ အဖေကငါးဖမ်းစက်လှေကြီးတစ်စီးနဲ့ ပင်လယ်ထဲ တစ်ခါထွက်ရင် အနည်းဆုံးတစ်လလောက်ကြာမှ ကမ်းပြန်ရောက်တယ်။ အဖေရောက်ရင်တော့ အမေလက်ထဲ ငွေရွှင်တယ်ပေါ့။
သားသမီးတွေအားလုံး ဖေါဖေါသီသီစားနိုင်သောက်နိုင်၊ သုံးနိုင်ဖြုန်းနိုင်ကြလေရဲ့။ ကျောင်းသွားတဲ့လူတွေကိုလဲ ငါးကျပ်မက ပေးနိုင်တယ်။ အဖေ ပြန်လာတာနောက်ကျရင်တော့ ကျောင်းသားတွေရော အမေရော မသက်သာဘူး။

အကြပ်အတည်းဖြစ်တဲ့ တစ်နေ့ပေါ့။ အဖေလဲ ပင်လယ်ထဲ နှစ်လလောက်ကြာသွားတယ်။ အိမ်မှာ ကျန်ရစ်တဲ့ မိသားစုကလဲ အဖေ့လစာတွေနဲ့ မလောက်မငဖြစ်နေပြီ။ အမေ ကြံရာမရဖြစ်ပြီး ဘာလုပ်လဲဆိုတော့ အိမ်က ဗီဒိုကြီးထဲမှာ သိမ်းထားတဲ့ ငါးဆင့်စတီးဆွဲချိုင့်ကြီးတစ်လုံးထုတ်လာတယ်။ ပြီးတော့ အနားမှာရှိတဲ့ ကျနော့်ကို ပြောတယ် “မင့်အဖွါးလေးဆီသွား၊ ဟောဒီစတီးချိုင့်ကြီးကို တစ်ရာနဲ့ပေါင်ခဲ့” တဲ့။ ကျနော်လဲ ကလေးပဲဟာ၊ ဘာမှသိဘူးလေ။ အမေပြောသလို အမေ့အဒေါ် (အမေ့ အဖေရဲ့ ညီမ) ဖြစ်တဲ့ ကျနော်အဖွါးလေးဆီသွားပြီး အမေပြောတဲ့အတိုင်းပြောတော့ အဖွါးလေးက လျှောလျှောလျှူလျှူပဲ၊ ငွေတစ်ရာပေးလိုက်တယ်။ အဲဒီပိုက်ဆံတစ်ရာရတော့ အမေပျော်လိုက်တာ မပြောနဲ့တော့။ စတီးချိုင့်ကြီးလဲ အမေဆုံးတဲ့အထိ ပြန်ရွေးလိုက်တယ်လို့ တစ်ခါမှ မကြားမိဘူး။ ပြောချင်တာက အဲဒီတုန်းက ပိုက်ဆံတစ်ရာဆိုတာ အဲလောက်ကို တန်ဖိုးရှိတာ။ အဖေပင်လယ်က ပြန်လာတဲ့အထိ အဲဒီပိုက်ဆံနဲ့ဝယ်ထားတဲ့ ဆံ၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ မီးဖိုထဲ မကုန်နိုင်ဘူး။

အခုတော့ဗျာ။ ပိုက်ဆံတစ်ရာဆိုတာကို အလကားပေးရင်တောင် ယူမည့်လူ ခပ်ရှားရှား။ လမ်းမှာတောင်းစားနေတဲ့ သူတောင်းစားတောင် တစ်ရာလောက်ပေးရင် မကျေနပ်ချင်ဘူး။ ဒီဘက်နအဖခေတ် ရောက်လာတော့ တစ်ရာတန်ကနေ နှစ်ရာတန်၊ ငါးရာတန်၊ တစ်ထောင်တန် အထိ ထုတ်လာပြီ။ ပြဿနာကဘာလဲဆိုရင် ငွေကြေးဖေါင်းပွလာတာနဲ့အမျှ ပစ္စည်းတွေလဲ ဈေးတက်လာတယ်။ အရင်က တစ်ကျပ်တန်ဟာ တစ်ဆယ်ဖြစ်လာတယ်။ တစ်ဆယ်တန်ဟာ တစ်ရာဖြစ်လာတယ်။ တစ်ရာတန်ဟာ တစ်ထောင်ဖြစ်လာတယ်။ ဘာဘောဂဘေဒပညာမှသိနေစရာမလိုဘူး။ လက်တွေ့မှာ ဒီလိုဖြစ်နေတာ။ ပိုက်ဆံစက္ကူပေါ်မှာ ဂဏန်းလုံးကြီးလေလေ ပစ္စည်းတွေရဲ့တန်ဖိုးဟာလဲ မြင့်တက်လေလေပါပဲ။

ဇင်ဘာဗွေနိုင်ငံကို ကြည့်ပါ။ အမြင့်ဆုံးစာရွက်ပေါ်က ဂဏန်းကို ကြည့်လိုက်။ (၂၅၀ ၀၀၀ ၀၀၀) တဲ့။ ဂဏန်းကိုးလုံးရှိတာတွေ့မှာပေါ့။ နှစ်ဆယ့်ငါးကုဋေ တဲ့ဗျား။ “တိုင်းပြည်စီးပွါးရေးကို မြှင့်တင်ဖို့အရေး စာရွက်ပေါ်မှာ ဂဏန်းကြီးကြီးရေး ဒို့အရေး” လို့များ ကြွေးကြော်နေသလား မသိဘူး။ ဇင်ဘာဗွေက သူတောင်းစားတွေ လက်ထဲမှာ ပိုက်ဆံတစ်ကုဋေလောက်ရှိနေရင်တော့ အဲဒီနေ့မှာ ထမင်းငတ်ပြီသာအောင့်မေ့။ ကုဋေကြွယ်သူတောင်းစားဆိုတာ ဒီခေတ်မှာ တကယ်ရှိနေပြီ။ မယုံမရှိနဲ့။ ခရမ်းချင်သီးတစ်ပိဿာတောင် ကုဋေပေါင်းများစွာပေးဝယ်နေရတဲ့ တိုင်းပြည်။ အဲဒီအဖြစ်ဆိုးကြီးကို ကြည့်ပြီး ကျနော်စဉ်းစားမိတယ်။ ငါတို့နိုင်က လူကြီးတွေလဲ ဇင်ဘာဗွေကို အတုခိုးရင် ဒုက္ခပဲလို့။ ကျနော့်ဆန္ဒမပြည့်ဝပါဘူးဗျာ။ အခု ငါးထောင်တန်ထုတ်နေပြီ-တဲ့။

“စည်းပွါးရေးပြုပြင်ပြောင်းလဲရေး”ဆိုတဲ့ ကြွေးကျော်သံအောက်မှာ ဒီလို ပိုက်ဆံစက္ကူပေါ်မှာ ဂဏန်းလုံးရေကြီးကြီးရေးရတာကို စီးပွါးရေးပြုပြင်ပြောင်းလဲမှုလို့ ယူဆရင်တော့ ကျနော်တို့နိုင်ငံရဲ့ စီးပွါးရေးဟာ ဘယ်တော့မှ အဖတ်ဆယ်လို့ ရမှုာမဟုတ်တော့တဲ့ စီးပွါးရေးလို့ပဲ မှတ်ယူပေတော့။ ကမ္ဘာပေါ်မှာ ငွေကြေးအမြင့်ဆုံးဆိုတဲ့ ဗြိတိရှတိုင်းပြည်တွေမှာ ငါးဆယ်တန်ဆိုတာ အကြီးဆုံးပဲ။ တော်ရုံလူတွေတောင် ငါးဆယ်တန် မြင်ဖူးကြတာမဟုတ်ဘူး။ အဲဒီငါးဆယ်တန်ဟာ ဒေါ်လာတစ်ရာနဲ့ ညီမျှတဲ့ ငွေကြေးပါ။ မြန်မာငွေ တစ်သိန်းကျော်ပါတယ်။ ကျနော် အင်္ဂလန်ရောက်ခါစ (၂၀၀၇)ခုနှစ်က လေဆိပ်မှာ ဒေါ်လာတစ်ထောင်လဲတာ ပေါင် (၄၉၀) ပဲရတယ်။ အခုတော့ ပေါင်ဈေးနည်းနည်းကျနေတာပေါ့လေ။ အဲဒီပေါင်အောက်က ယူရိုငွေ။ သူကတော့ နိုင်ငံတကာသုံးမို့ထားတော့။ အမေရိကန်ဒေါ်လာ။ တစ်ရာတန်ဆိုတာ အများမြင်ဖူးနေတဲ့ ငွေကြေးယူနစ်တစ်ခုပါ။ အဲဒီနိုင်ငံကြီးတွေမှာလဲ စီးပွါးရေး ကျတဲ့ အချိန်တွေ မကြာခဏကြုံနေရတာပါပဲ။ ပြီးခဲ့တဲ့ ခုနှစ်လ၊ ရှစ်လလောက်က တစ်ကမ္ဘာလုံးစီးပွါးကျတော့ ဗြိတိရှတွေရော၊ အမေရိကန်တွေရော ခံလိုက်ရတာမပြောနဲ့တော့။ သူတို့ဖြေရှင်းနိုင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ငွေကြေးပေါ်မှာ ဂဏန်းလုံးကြီးကြီးရေးပြီး ဖြေရှင်းခဲ့တာမဟုတ်ဘူးဆိုတာတော့ တစ်ကမ္ဘာလုံးသိပါတယ်။

မြန်မာပြည်မှာ စီးပွါးရေးကျတာ ဘယ်တုန်းကစတာလဲ ကျနော်တိတိကျကျမသိဘူး။ ဘောဂဗေဒပညာရှင်တွေတော့ သိကောင်းသိမှာပါ။ ကျနော်သိတာကတော့ စက္ကူပေါ်မှာ ဂဏန်းများလာတိုင်း ပစ္စည်းတွေရဲ့ ဈေးနှုံးဟာ ပိုပိုကြီးကြီးလာတယ်။ ပြီးတော့ ပြည်သူတွေ အကြပ်အတည်းပိုတွေ့လာတယ်။ နိုင်ငံတကာငွေကြေးနဲ့ လဲလှယ်တဲ့အခါ များစွာများစွာအောက်ကျတယ် ဆိုတာပါပဲ။ ဒီတော့ ဒီနည်းဟာ စီးပွါးရေးအကြပ်အတည်းကို တကယ့်တကယ်ပြေလည်စေတဲ့ နည်းမဟုတ်နိုင်ဘူးဆိုတာလောက်တော့ ဘောဂဗေဒပညာကို ကကြီးရေးကတောင် မသိတဲ့ ကျနော့်လို လူတစ်ယောက်က ပြောရဲပါတယ်။ အခု ငါးထောင်တန်ထုတ်နေပြီ။ တိုင်းပြည်စီးပွါးရေး ဘာဖြစ်ဦးမလဲ? ပြောရဲပါတယ်။ ပိုထိုးကျသွားမှာပါ။ နိုင်ငံတကာငွေကြေးဈေးကွက်မှာ မျက်နှာမရဖြစ်နေဦးမှာပါ။ နဂိုက ဒေါ်လာတစ်ရာ မြန်မာကျပ်ငွေတစ်သိန်းဆိုရင် အဲဒီငါးထောင်တန်တွေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ တစ်သိန်းနဲ့ ဘယ်သူမှ မလဲတော့မှာတော့ သေချာပါတယ်။ နောက်ထပ် တစ်သောင်းတန်၊ ငါးသောင်းတန်၊ တစ်သိန်းတန်တွေအထိ ထုတ်လာရင်တော့ ပြည်သူတို့ရေ့-----ခင်ဗျားတို့နေတဲ့ လက်ရှိနေရာက အမြန်ခွါဖို့သာ ကြိုးစားကြပေတော့ဗျို့။

တိုင်းပြည်ထဲက နအဖကို အကြံပေးနေကြတဲ့ စီးပွါးရေးပညာရှိကြီးများခင်ဗျား၊ ကြည့်ကျက်လဲ လုပ်ကြပါဦးဗျို့။ နိုင်ငံတကာနဲ့လဲ နှိုင်းယှဉ်ပြီး စဉ်းစားပေးကြပါဦး။ ပြောရင်းပြောရင်း စိတ်တိုလာပြီ။ တော်ပြီဗျာ။ ခင်ဗျားတို့လဲ တတ်နိုင်တဲ့ဖက်က အော်ကြဦး။