Tuesday, October 26, 2010

သူတို့ပြောတဲ့ အချစ် အကြောင်း …

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ
ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။
ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ
အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ
မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့အသွားနှစ်ဖက်ပေါင်းပြီး
ညှပ်ပစ်လိုက်နိုင်တယ်။

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။
ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့
ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့
ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင်
စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။
သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေတတ်တယ်။

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့
လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့
ပျော်ရွှင်ခြင်းနဲ့လောင်းကစားလုပ်တာပဲ။

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ
မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက်
အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။
အဲဒါကတော့ အသက်လိမ်ခြင်းပဲ။

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့
ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျားလေး ကျပြန်တော့
စိတ်မပါဘူး။

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့
ပန်းတပွင့်နဲ့တူတယ်။အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။
လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလိုယောက်ျားလေးဟာလဲ
ယောက်ျားလေးမဟုတ်ဘူး။

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်ဘာသာ၊
သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။အချစ်တခုတည်းအတွက်နဲ့
လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။

(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေရှိရမယ်။
တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်းဖက်ရခြင်းကို
တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင်
လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေးအတွက် အလှဆုံးနဲ့
အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ
မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့တခုတည်းသော
နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်ထားတဲ့
နေရာလည်းဖြစ်တယ်။

(၂၀) လူ….လူ…လူ…လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။

အချစ်…..အချစ်…..အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေးတစ်ပုဒ်ဖြစ်တယ်။

Tuesday, October 19, 2010

စိတ်စွမ်းအင်

ဒီလောကကြီးကိုက မပြည့်စုံခြင်း၊ မလိုမပြည့်ခြင်းတွေနဲ့ ပြည့်နှက်နေတာ အားလုံးအသိပါ။ လိုတာမရ ရတာမလို ဆိုတဲ့ စကားတွေ၊ လူအလို နတ်မလိုက်နိုင် ဆိုတဲ့ စကားတွေဟာ ဒါတွေကို အခြေခံပြီး ဖြစ်တည်လာတာပါ။ မိမိရဲ့ လိုအင်ဆန္ဒ မပြည့်လေ စိတ်ဆင်းရဲ ရလေပဲ။ လိုချင်တာရတော့ စိတ်ချမ်းသာ ကျန်းမာ ပျော်ရွှင်နေကြတယ်။ ဒါပေမယ့် လိုချင်မှုက ရပ်မှမသွားတာ ပြန်လိုချင်လာ ပြန်ရော။ လိုချင်တဲ့ အချိန်မှာ ရနေရင် စိတ်ဆင်းရဲမှုတွေ ပျောက်နေတယ်။ လူကလဲ ကျန်းမာရွှင်လန်းနေတယ်။ လိုချင်တာ မရလို့ကတော့ ချွတ်ခြုံကျတော့တာပဲ။ မျက်တွင်းတွေ ချောင်၊ လူက မမာမကျန်းဖြစ်။ စိတ်ထောင်းတော့ ကိုယ်ကျေ တာပေါ့။

ဒီတော့ ဖြစ်စဉ်တွေ အားလုံးက စိတ်နဲ့ ဆိုင်နေတယ်။ တီထွင်မှုတွေ၊ တိုးတက်မှုတွေ အားလုံး အပါအ၀င် လုပ်သမျှ၊ တွေးသမျှ အရာအားလုံးဟာ နောက်ဆုံးတော့ ပြန်ချုပ်လိုက်ရင် စိတ်ကိုပဲ ရောက်သွားတော့တယ်။ ဒါက ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ပိုသိကြပါတယ်။ ဘယ်လိုပဲ နည်းလမ်းမျိုးစုံနဲ့ လူတွေရဲ့ ပျော်ရွှင်မှုကို ဖန်တီး ဖန်တီး နောက်ဆုံးကတော့ မိမိသည်သာ အဓိက ဖြစ်ပါတယ်။ စိတ်သာ ရှင်စော ဘုရားဟော ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဟုတ်ပါတယ်။ စိတ်သာ အဓိကပါ။ ကျွန်တော် ရပ်တည်နေတဲ့ ခန္ဓာကြီး မပြိုလဲအောင် လုပ်နိုင်တာလဲ စိတ်ဖြစ်သလို ယိုင်လဲသွားအောင် ပြုလုပ်နိုင်တာလဲ စိတ်ပါပဲ။

ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ စိတ်စွမ်းအင်ကို တိုးတက်နေအောင် မွေးမြူရမှာ ဖြစ်ပါတယ်။ စိတ်စွမ်းအင် တိုးတက်ဖို့အတွက် စိတ်ကောင်းထားရမှာ ဖြစ်ပါတယ်။ စိတ်ကောင်းရှိဖို့ ပထမလို့ ပြောနေကြတာ စာဖတ်သူတို့ သိပြီးသားပါ။ စိတ်ဓါတ်အင်အား တိုးတက်မှု မကောင်းတာကို ရှောင်ရပါမယ်။ လိုချင်တာကို ရအောင်ယူချင်ယူပါ။ အကယ်၍ မရခဲ့ရင် စိတ်ဓါတ်မကျပါနဲ့။ စိတ်ဓါတ်ကျခြင်းဟာ စိတ်စွမ်းအင်ကို လျော့နည်းစေပါတယ်။ စိတ်ဓါတ်ကျပါများလေ Will Power ကျလေပါ။ မရသည့်အတွက် ဘယ်တော့မှ စိတ်မပျက်စေချင်ပါဘူး။ အပျက်တကာ အပျက်ထဲမှာ စိတ်ပျက်ခြင်းဟာ အဆိုးဆုံးပါပဲ။

ဘယ်အရာဝတ္တုတွေ ပျက်စီးပါစေ စိတ်မပျက်ရင် ဘ၀ကို ရဲရဲရင်ဆိုင် နိုင်ပါသေးတယ်။ ဒါကြောင့် စိတ်တော့ မပျက်လိုက် ပါနဲ့။ လိုချင်တာကို အကြိမ်ကြိမ် ကြိုးစားခြင်းဟာလဲ စိတ်အင်အားကို တိုးစေဖို့ နည်းလမ်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ Confident ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်နေလို့ပါပဲ။ ယုံကြည်နေတဲ့အတွက် ငါ တစ်နေ သူဌေးဖြစ်ရမယ်၊ အရာရှိဖြစ်ရမယ်၊ ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ စိတ်အင်အားက တွဲပါလာပြီး လုပ်ငန်း မစရသေးခင်မှာပဲ ရာခိုင်နှုန်း ၅၀ က အောင်မြင်ပြီးသား ဖြစ်နေပါပြီ။

ဒါကြောင့် စာအုပ်တွေထဲမှာလဲ ဖတ်ဖူးပါတယ်။ မိမိကိုယ်ကို ယုံကြည်ခြင်းသည် လုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် လမ်းစဖြစ်သည်ဟု ဆိုထားပါတယ်။ ဒါကြောင့် စိတ်ဓါတ်မကျ၊ စိတ်မဆင်းရဲပဲ မိမိတို့ရဲ လိုချင်သည့်အရာတွေကို ရအောင်ယူရင် စိတ်ဓါတ်အင်အားကို တိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
စိတ်ဆင်းရဲခြင်းဟာ အမင်္ဂလာကို ဖြစ်စေပါသေးတယ်။ မနက် မိုးလင်းကတည်းက စိတ်ညစ်တယ်၊ စိတ်ဆင်းရဲတယ် ဆိုပြီး ငြီးတွားနေသူဟာ မနက်ကစလို့ နေ၀င်မိုးချုပ် ဘယ်အရာကို ဆောင်ရွက် ဆောင်ရွက် အဆင်မပြေ ဖြစ်တတ်ပါတယ်။ စိတ်ဆင်းရဲမှုဟာ အဲဒီလောက်ကို ဖြစ်စေပါတယ်။ အလုပ်လုပ်ရာမှာ စိတ်ဆင်းရဲနေပြီး Will Power မပါရှိတဲ့အတွက် အလုပ်တိုင်းကို ဆောင်ရွက်ရာမှာ အဆင်မပြေခြင်းကို ဖြစ်စေတာပါ။ ဒါကြောင့် စိတ်ဆင်းရဲခံမလား၊ Will Power ကို ပဲ တိုးအောင်လုပ်မလား . . . ။

မောင်စေတနာ