Friday, September 4, 2009

အာဇာနည်နေ့အတွက် အာဇာနည်ဗိမ္မာန် ဗိသုကာနဲ့ သမိုင်း



အာဇာနည်ဗိမ္မာန် ကို ဘယ်သူဒီဇိုင်း ဆွဲလဲလို့မေးရင် သိကြပါ့မလား။ သိတဲ့သူ တော်တော်ရှားမှာပဲ။ အခုခေတ် ကလေးတွေဆို ပိုဆိုး။ အာဇာနည် ဗိမ္မာန်ဆိုတာ ဘာမှန်းတောင်သိမှာ မဟုတ်ဘူး။ သမိုင်းကို ဂုဏ်ငယ်အောင် လုပ်တဲ့သူတွေကိုပဲ ချီးကျူးရမှာပေါ့။ ကျွန်တော့် အမေခေတ် တုံးကဆို အာဇာနည်နေ့ဆိုရင် ကျောင်းသားတွေ ဗိမ္မာန်ကို ချီတက် အလေးပြု ကြရတယ် ဆိုပဲ။ ကျွန်တော်များ တစ်ခါမှ မကြုံဖူးပေါင်။



ကဲ ဒါနဲ့ ဘယ်သူ ဒီဇိုင်းဆွဲလည်း ဆိုတော့ မြန်မာ ဗိသုကာပညာရှင် ဦးဆန်းဦး ဆွဲပေးတာပါ။ ၁၉၈၃ အောက်တိုဘာ ၉ရက် မြောက်ကိုးရီးယား လုပ်ကြံမှုကြောင့် ဗိမ္မာန်ပျက်ဆီးရတယ်။ (သမိုင်းအသေးစိတ်ကို နောက်မှာရှင်းပြထားပါတယ်။ မသိသေးသောသူများ ဖတ်ရအောင်ပါ။) ကျွန်တော် သိရသလောက် တော့ အရင်တုံးက အာဇာနည် ၉ဦးရဲ့ အခေါင်းတွေကို တန်းစီ ဂူသွင်းထားပြီး အိမ်အမိုးနဲ့ မိုးထားတာပါ။ (မှားရင်ပြင်ပေးကြပါ။) ဗုံးကွဲအပြီးမှ ယခု မြင်တွေ့ရတယ့် အဆောက်အအုံကို ပြန်ဆောက်ပါတယ်။

ဦးဆန်းဦး ရဲ့ ဒီဇိုင်းက အာဇာနည်ဗိမ္မာန် ဂုဏ်ပုဒ်နဲ့ လိုက်ဖက်အောင် ဆွဲထားပါတယ်။ ရဲရဲတောက် အနီရောင် ဗိမ္မာန်မှာ အာဇာနည် ၉ဦးကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်နဲ့ အကန့်ကိုးကန့် တစ်ဆက်ထဲထားရှိပါတယ်။ အဲဒီ့အကန့် တွေက လဲလျောင်းနေတဲ့ သဏ္ဌာန်နဲ့ပါ။ ၄င်းနောက်မှာ မျဉ်းစောင်း ကွန်ကရစ်နဲ့ ထောက်ကန် ထားပါတယ်။ ဘယ်ဖက် ဒုတိယမြောက် အကန့်မှာ ကြယ်ဖြူကြီးတစ်ပွင့် ထားရှိပြီး အလံတိုင် ကို အလည် တည့်တည့်မှာ ထားရှိပါတယ်။ (ကျွန်တော်တွေ့ရတယ့် မူလဒီဇိုင်းမှာ အလံတိုင်က ညာဖက် ထောင့်နားမှာ ထားရှိပြီး ကြယ်ဖြူနဲ့ balance လုပ်ထားတာပါ။ ဘာအကြောင်းကြောင့် အလယ် ရောက်သွားသလဲ မသိပါ။) ရင်ပြင်ကို floating balcony နဲ့ ပတ်ပတ်လည် ၀န်းရံဖို့ ဒီဇိုင်းဆွဲထားပါတယ်။ ဒါပေမယ့် အဲဒီ့ဒီဇိုင်းအတိုင်း ဆောက်ဖြစ် မဆောက်ဖြစ် ကျွန်တော်အတည်မပြုနိုင်ပါ။ ၀န်ခံရမယ်ဆိုရင် ကျွန်တော် တစ်ခါမှ အာဇာနည် ဗိမ္မာန်ကို မရောက်ဖူးပါဘူး။ ရှက်လည်းရှက်မိပါတယ်။ ဦးဆန်းဦး ကုမ္ပဏီမှာ ခေတ္တ intern လုပ်တော့ blueprint တွေကို လေ့လာရလို့သိတာပါ။ အဲဒါကို ပဲ မှတ်မိသလောက် ပြန်ပြောပြတာပါ။ ကျွန်တော် မှားဖော်ပြမိရင် ဆရာ ဦးဆန်းဦးကို ကြိုတင် တောင်းပန်ပါရစေ။ ဒီဇိုင်းနဲ့ အဆောက်အအုံကို ခိုင်ခံ ပြီး ခမ်းနားတဲ့ အသွင်ကိုဆောင်လို့ ကြည့်ရင် ရဲရင့်ပြီး လေးစားစရာ ကောင်းတဲ့ အာဇာနည်တွေကို မြင်ရသလိုပါပဲ။ နောက်ပြီး လဲလျောင်းနေတဲ့ သဏ္ဌာန်ကြောင့် ၀မ်းနည်းခြင်း ရသကို လည်းပေးနိုင်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ဒီဇိုင်း၊ အသေးစိတ်တဲ့ ဗိသုကာကြောင့် အာဇာနည်ဗိမ္မာန်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံသားတွေ၊ သံတမန်တွေ၊ နိုင်ငံခြားသား တွေကို လေးစားစေပါတယ်။ ရန်ကုန်ကို လည်ပတ်ရင် မသွားမဖြစ်နေရာ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ (ကျွန်တော် လည်းဒီတစ်ခေါက်ပြန်ရင် သွားမလားလို့။ သွားလို့ရရင်ပေါ့။)

အာဇာနည်ဗိမ္မာန်ရဲ့ သမိုင်းတွင် ဖြစ်ရပ်ကို ဆက်ပြောပြပါမယ်။ တောင်ကိုးရီးယား သမ္မတ ချွန်ဒူးဟွမ် နိုင်ငံတော်ခရီးစဉ် မှာ အာဇာနည် ဗိမ္မာန်ကို လာပြီး ပန်းခွေချစဉ် မြောက်ကိုးရီးယား အကြမ်းဖက်သမားတွေ ဗုံးခွဲမှုကြောင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အခြားဝန်ကြီးတွေ သံတမန်တွေ လုံခြုံရေးဝန်ထမ်းတွေ စုစုပေါင်း ၂၁ဦးသေဆုံးပြီး ၄၀ကျော် ဒဏ်ရာ ရရှိသွားတယ်။ ဗုံးတွေက ဗိမ္မာန် အမိုးအောက်မှာ ဖွက်ထားပြီး ပေါက်တော့ အကုန်ပျက်စီးသွားပါတယ်။ ဗုံးပေါက်ပြီးနောက် မကြာမီမှာ ပဲ သမ္မတ ရောက်လာတယ်။ တောင်ကိုးရီးယား သမ္မတကတော့ လွတ်သွားတယ်။ ကားလမ်းပိတ်နေလို့ နောက်ကျနေတယ်။ ဗုံးက ဘာလို့ စောပေါက်သွားလဲဆိုတော့ သမ္မတ ရောက်ကြောင်း အချက်ပြတဲ့သူက မှားပြမိတော့ အဝေးထိန်း ဗုံးထောင်သမားက ဖောက်ပြီးသားဖြစ်သွားတယ်။

သံသယရှိသူ ၃ယောက်မိတယ်။ တစ်ယောက်က ဗုံးပေါက်ပြီး နှစ်ရက်မှာ သေနတ်ပစ်ခံရပြီး သေတယ်။ ကန် နဲ့ နောက်တစ်ယောက်က သေကြောင်းကြံဖို့ ကြိုးစားတာ မအောင်မြင်ဘူး။ ကန် လက်တစ်ဖက် ဆုံးသွားတယ်။ ကန်မင်ချူလ် က သူ့ လုပ်ငန်းစဉ်ကို မြောက်ကိုးရီးယားက ခိုင်းစေကြောင်း ၀န်ခံတယ်။ ဒါကြောင့်မို့ သေဒဏ်က လွတ်ပြီး အင်းစိန်ထောင်မှာ တစ်သက်တစ်ကျွန်းချ ခံရတယ်။ ကျန်တစ်ယောက်ကတော့ ကြိုးပေးခံရတယ်။ မြောက်ကိုးရီးယားက ကန်နဲ့ အဆက်အစပ်မရှိကြောင်း ငြင်းဆိုတယ်။

၂၀၀၇ခုနှစ် သတင်းအရ ကန်က အင်းစိန်ထောင်မှာ ရှိဆဲ။ မြန်မာစကားကို ထောင်သားတွေဆီက သင်ယူလို့ တော်တော်ပြောတတ်နေတယ် ဆိုပဲ။ မြန်မာစစ်အစိုးရ မြောက်ကိုးရီးယားနဲ့ သံတမန် အဆက်အသွယ် ပြန်စ တော့ ကန်နဲ့ပတ်သတ်ပြီး ဘာထူးခြားမလဲလို့ စိတ်ဝင်စားကြတယ်။ ဒါပေမယ့် မြောက်ကိုးရီးယားက သူ့ကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘူး။ ကန်ကိုယ်တိုင်ကလည်း မြောက်ကိုးရီးယားကို သစ္စာဖောက် အဖြစ်သတ်မှတ်ပြီး မပြန်ချင်ပါဘူးတဲ့။ တောင်ကိုးရီးယားက တော့ ၂၀၀၆ မှာ သူ့ကို ခေါ်ဖို့ အဆိုတင်သွင်း ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် အာဇာနည် ဗိမ္မာန်ကတော့ ၀မ်းနည်းမှုတွေနဲ့ ပြည့်နက်နေတယ့် နေရာပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ လေးစားထိုက်တဲ့ အာဇာနည်တွေ လဲလျောင်းရာ၊ ကျွန်တော်တို့ရဲ မျက်ရည်စက်တွေ သွန်းဖြိုးရာ၊ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်ရာ နေရာဖြစ်တဲ့ ဗိသုကာလက်ရာ အပြည့်နဲ့ ဒီအာဇာနည် ဗိမ္မာန်ကို ပြည်သူတွေ မျိုးဆက်သစ်လူငယ်တွေ နောင်လာနောက်သားတွေ မေ့လျော့မသွားပါစေနဲ့လို့ ဆုတောင်းရင်း…
၂၀၀၈ခုနှစ် အာဇာနည်နေ့ကို ဂုဏ်ပြုလျက်
လင်းစစ်သူ

0 comments:

Post a Comment