Friday, September 4, 2009

လည်ပတ်ရွေ့ လျှား ဒူးဘိုင်းတာဝါ


The Dynamic, Rotating Dubai Tower






ဒီတစ်ပတ်တော့ ဒူဘိုင်းမှာ ဆောက်လုပ်မဲ့ လည်ပတ်ရွေ့လျားဒူဘိုင်းတာဝါ အကြောင်းပြောပြပါမယ်။ ကျွန်တော်လည်း ကိစ္စပေါင်း သောင်းခြောက်ထောင်နဲ့ အလုပ်တွေ ရှုပ်နေတာ ပို့စ်မရေး ဖြစ်တာ သုံးပတ်လောက် ရှိသွားပြီ။ တီးတော့ ကျွန်တော် အပျင်းကြီးလို့ ဆိုပြီး အိမ်ကနေ ကန်ထုတ်ချင်နေပြီ ထင်ပါရဲ့။ ကဲထားပါတော့။ ကျွန်တော် ဒီတာဝါကြောင်းကို San Francisco Chronicle မှာ ဖတ်ရကတည်းက ပို့စ်တင်ဖို့စီစဉ် ထားတာ။ တီးကနေ တစ်ဆင့် ကိုလူဆိုးက brochure ပို့လာပေးတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ ကျေးဇူးပါ။ အဲ့ဒီ brochure ကိုတော့ jpeg ပြောင်းပြီး တင်ပေးထားတယ်။ လိုချင်ရင်တော့ www.dynamicarchitecture.net မှာသွားယူနိုင်ပါတယ်။







ဒီဒူဘိုင်းတာဝါဟာ ဗိသုကာလောကကို တစ်ခေတ်ဆန်းစေမဲ့ လက်ရာလို့ပြော နေကြပါပြီ။ ဗိသုကာပညာရှင် ဒေးဗစ် ဖစ်ရှာ (David Fisher) ကဆွဲပေးတာပါ။ ဒီဇိုင်းကတော့ ရိုးရိုးပါပဲ။ ကျွန်တော့်မျက်စိထဲမှာတော့ ပထမဆုံးတင်ပြသွားတဲ့ ကာလာထရာဗာရဲ့ ရှီကာဂိုကြောင်လိမ် နဲ့ ဒီဇိုင်းနဲ့ သိပ်မကွာဘူး။ လိမ်လိမ်ကြီးပဲ။ လိမ်ပုံလိမ်နည်းပဲ ကွာတာ။ ဒါပေမယ့် ဒီရွေ့လျား တာဝါ ရဲ့ ထူခြားချက်က အထပ်တိုင်း ၃၆၀ံ လည်ပတ်နေမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အသင် နားကြားမမှားပါဘူး။ အလည်အူတိုင်ကို ဗဟိုပြုပြီး အထပ်တိုင်း သူ့ဟာသူ လွတ်လပ်စွာ အရှိန်အမျိုးမျိုးနဲ့ လည်ပတ်နေမှာပါ။ စက်နဲ့လည်အောင် လုပ်ထားတဲ့ တာဝါတော့ရှိတယ်။ စင်ကာပူ စန်တိုဆာ ကျွန်းပေါ်ကတာဝါ ကလည်း လည်နိုင်တယ်။ သို့သော် သူက viewing deck တစ်ခုထဲလည်တာ။ အခုတာဝါက အထပ် ၈၀ လုံးလည်မှာ။ ဘယ်လို ပတ်နေလည်း ဆိုတော့ အထပ်တိုင်းရဲ့ ကြားမှာ လေစွမ်းအင်ကို အသုံးပြုမဲ့ တာဘိုင်တွေ တပ်ဆင်ထားမှာပါ။ လေတိုက်ရင် တိုက်သလို အထပ်တိုင်းက လေတိုက်ရာအရပ်ဖက်ကို လည်နေမှာဖြစ်တယ်။ အဲဒီတော့ တာဝါဒီဇိုင်းက ပုံသေကြီး မဟုတ်ပဲ ပြောင်းချင်သလို ပြောင်းနေမှာပေါ့။ အတွင်းပိုင်းကနေ ကြည့်ရင်လည်း အပြင်ရှုမျှော်ခင်းက အမြဲပြောင်းနေမှာလေ။ တစ်ချို့ကတော့ မူးနေမှာပဲလို့ပြောကြတယ်။ အထဲမှာ နေရင်းထိုင်ရင်း လည်နေတာကိုး။ ဒါပေမယ့် လည်နှုန်းက မသိသာပါဘူးတဲ့။ ဗီဒီယိုမှာ ပြသလို အားရပါးရ လည်မနေပါဘူး။ အိစိ အိစိနဲ့ ပဲလည်နေမှာ ဖြစ်တဲ့အတွက် လည်နေကြောင်းသိမှာတောင် မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ပထမဆုံး ရွေ့လျားနိုင်မဲ့ အဆောက်အအုံဖြစ်ပြီး အနာဂတ်မြို့လို့ တင်စားရမဲ့ ဒူဘိုင်းရဲ့ နောက် သင်္ကေတ တစ်ခု ဖြစ်လာမှာပါ။




ဤရွေ့လျားတာဝါမှာ အထပ်ပေါင်း ၈၀ ရှိပြီး ၄၂၀မီတာ (၁၃၈၀ပေ) မြင့်ပါတယ်။ သာမာန်တိုက်ခန်းတွေ ကတော့ ၁၂၄ စတုရန်းမီတာ (၁၃၃၀ စတုရန်းပေ) ရှိပြီး ဗီလာ(Villa) အမျိုးအစားကတော့ ၁၂၀၀ စတုရန်းမီတာ (၁၂၉၀၀ စတုရန်းပေ) အထိကျယ်ဝန်းပါတယ်။ (ဗီလာ(Villa) ဆိုတာ အထက်တန်းလွှာတွေ နေတဲ့ အိမ်ကြီးရခိုင်တွေ ကိုပြောတာပါ။ အခုခေတ်မှာတော့ တခြားအိမ်တွေနဲ့ ကပ်လျက်မရှိပဲ သီးခြားရှိတဲ့ အိမ်ကို ဆိုလိုပါတယ်။) ဒီတာဝါရဲ့ ဗီလာကတော့ အထပ်တစ်ထပ်လုံး တစ်ဦးထဲပိုင်နိုင်ပါတယ်။ ကိုယ်ပိုင် ရုပ်ရှင်ရုံအသေးစား၊ အနှိပ်ခန်း၊ အားကစားခန်းမ၊ ဘိလိယက်ခန်း အစရှိတဲ့ ဇိမ်ခံ ပစ္စည်း၊ ခန်းမတွေ ပါဝင်ပါတယ်။ ကားပါကင်လည်း ကိုယ့် အခန်းရှေ့မှာပဲ။ ဓါတ်လှေကားနဲ့ ကားကို ခေါ်တင်သွားလို့လဲ ရတယ်။ မမိုက်ဘူးလား။ ဈေးနှုန်းကတော့ မကြေငြာ ရသေးပေမယ့် ကျွန်တော်တော့ ဒေါ်လာ မီလီယံနဲ့ ချီပြီးတန်မယ်လို့ မှန်းတယ်။ ပထမအထပ် ၂၀ ကတော့ ရုံးခန်းတွေဖြစ်ပြီး ၂၁ ကနေ ၃၅ထပ် အထိက ဇိမ်ခံ ဟိုတယ်တွေဖြစ်ပါတယ်။ ၃၆ထပ်ကနေ ၇၀ထပ်အထိကတော့ လူနေတိုက်ခန်းတွေဖြစ်ပြီး ကျန် ၁၀ ထပ်ကတော့ အခုနကပြောတဲ့ ဗီလာ(Villa) တွေပါ။ ဒူဘိုင်းမြို့ရဲ့ အဓိကမြို့လယ်မှာ တည်ရှိပြီး ဂုဏ်သတင်း ကြီးတဲ့ အဆောက်အအုံ ဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ (အခန်းဖွဲ့စည်းပုံတွေ ကို အောက်မှာရှုပါ။)



ဆောက်မဲ့နည်းပညာ ကလည်း ကမ္ဘာပေါ်မှာပထမဆုံးပါတဲ့။ စက်ရုံမှ ကြိုတင်တပ်ဆင်ပြီးသား အစိတ်အပိုင်းတွေ ကို ပြန်လည်တပ်ဆင်ရုံပါပဲတဲ့။ ငယ်ငယ်တုံးက ကျွန်တော်တို့ LEGO အတုံးဆက် သလိုပဲပေါ့။ အဲ့လိုတော့ မလွယ်ဘူးနော်။ ဘယ်လိုလဲဆိုတာ youtube မှာရှုစားကြကုန်သော်။ သာမန်နည်းနဲ့ ဆောက်မယ်ဆိုရင် အလုပ်သမား ၂၀၀၀ လောက်ကုန်မှာ ဖြစ်ပေမယ့် ဤနည်းနဲ့ ဆိုရင် အလုပ်သမား ၆၀၀နဲ့ နည်းပညာရှင် ၈၀ လောက်သာကုန်မှာပါ။ ဆောက်လုပ်ရေးက လာမည့် ၂၀၁၀ မှာပြီးမှာပါ။ ပန္နက်ရိုက်တာက လာမည့် ၈၊၈၊၀၈ မှာပြုလုပ်မှာပါ။ ဒီနံပတ်ကို တော်တော်ကြိုက်ကြပုံပဲ။ ၁၀၊၁၀၊၁၀ မှာဆောက်လုပ်ရေး အပြီးသတ်ပြီး ၁၁၊၁၁၊၁၁ မှာ အခန်းအားလုံးကို အပ်နှံမှာဖြစ်ပါတယ်။



ဒူဘိုင်း အုပ်ချုပ်သူ၊ ယူအေအီး ဒုသမ္မတ ရှီးရိုက် မိုဟာမတ် ဘင် ရာရှစ် အယ်လ် မက်ထူဝမ် (ဟောဟဲ၊ ဟောဟဲ၊ မောလိုက်တာ) ရဲ့ အမျှော်အမြင်ဟာ ဒေးဗစ် ဖစ်ရှာ ရဲ့ အိပ်မက်ကို အကောင်အထည် ပေါ်စေပါတယ်။ ဒူဘိုင်း အရှင်သခင် (နာမည်မခေါ်နိုင်တော့လို့) က “သင့်ဆီကို အနာဂတ်ရောက်လာတာ စောင့်မနေပါနဲ့… အနာဂတ်ကို ရင်ဆိုင်ပါ” (Do not wait for the future to come to you… face the future) တဲ့။ သူ့ရဲ့ အနာဂတ်မြို့ကိုတည်ဆောက်ရာမှာ ငွေကြေးအကုန်အကျ ခံနိုင်တဲ့အတွက် ဗိသုကာပညာရှင်တွေ လက်စွမ်းပြနိုင်ဆုံးနေရာ တစ်ခုဖြစ်လာ ပါတယ်။ ကဲ ဒီတာဝါကို သွားရည်ကျ ရင်း ဒီတစ်ပတ်တော့ ဒီမှာပဲ ကျေနပ်လိုက်ပါတော့။ လာမည့်အပတ်တွေမှာ တင်ပြဖို့ အဆောက်အအုံတွေလည်း စုထားပြီးပါပြီ။ အချိန်အားရင် အမြန်ရေး တင်ပေးပါမယ်။ ပုဂံဗိသုကာ မျှော်နေသူတွေ အတွက်တော့ ကျွန်တော် မြန်မာပြည် ခေတ္တပြန်တဲ့အချိန် ကြရင် စာအုပ်တွေ စုပြီး ဖတ်ပြီး ပြန်လည်တင်ပြပါမယ်။ အားလုံးကို ကျေးဇူးပါ။

လင်းစစ်သူ

0 comments:

Post a Comment