Thursday, November 26, 2009

Eiffel Tower


ပြင်သစ်တော်လှန်ရေး ရာပြည့်နှစ် အထိမ်းအမှတ်အဖြစ် ၁၈၈၇ – ၁၈၈၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ Eiffel Tower ကြီးဟာ ကမ္ဘာမှာတော့ ပြင်သစ်နိုင်ငံအတွက်ရော မြို့တော် ပဲရစ်မြို့အတွက်ပါ အမှတ်အသားတခု အဖြစ် ထင်ရှားပါတယ်။ တည်ဆောက်ခဲ့တဲ့ ပြင်သစ်အင်ဂျင်နီယာ Alexandre Gustave Eiffel ရဲ့အမည်ကို အစွဲပြုပြီး Gustave Eiffel မျှော်စင်လို့ အမည်တွင်ခဲ့တယ်။ မျှော်စင်ကိုယ်နှိုက်က အမြင့် ၃၀၀ မီတာ(၉၈၆ ပေ) ရှိပြီး အသံလွှင့်အင်တီနာထိပ်အထိ အတိုင်းအတာကို ယူမယ်ဆိုရင် ၃၂၄ မီတာ(၁၀၆၃ ပေ) ရှိလို့ ပဲရစ်မှာတော့ အမြင့်ဆုံး အဆောက်အဦးပါပဲ။ ဒါ့အပြင် ဆောက်ခဲ့တဲ့အချိန်ကစလို့ ၁၉၃၀ အထိလည်း ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အဦးတခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ Puddle iron နဲ့ တည်ဆောက်ထားတာဖြစ်ပြီး အလေးချိန်စုစုပေါင်း ၁၀ ၁၀၀ တန်လောက် လေးပါတယ်တဲ့။
တကယ်တော့ ဒီမျှော်စင်ကြီးဟာ စဆောက်ချိန်မှစပြီး အနှစ် ၂၀ သာ တည်ရှိစေဖို့ ခွင့်ပြုမိန့် ရခဲ့တာပါ။ ဆိုတော့.......၁၉၀၉ မှာ ပြန်ဖျက်ပစ်ရမယ် ဆိုတဲ့သဘောပေါ့။ ဒါပေမယ့် ဒီမျှော်စင်ကို ၂၀ ရာစုနှစ် အသစ်မှာ အရေးပါလှတဲ့ အသံလွှင့်ဆက်သွယ်ရေးအတွက် အသုံးပြုခဲ့တာကြောင့်မို့ ဆက်လက်ရပ်တည်ခွင့် ရခဲ့ပါတယ်။
အဲဒီခေတ်က ပဲရစ်မြို့သူမြို့သားတွေရဲ့ စိတ်မှာ ဒီမျှော်စင်ကို တယ်ဘ၀င်မကျလှပါဘူးတဲ့။ လမ်းမီးတိုင်ကြီး ၊ စက်ရုံကြီး စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်သမုတ် ခဲ့ကြတယ်။ ခုချိန်မှာတော့ ဒီ Eiffel မျှော်စင်ဟာ ကမ္ဘာ့အလှဆုံး ဗိသုကာဥပမာတွေထဲက တခုဖြစ်လာပြီး ပဲရစ်မြို့သားတွေကတော့ သူ့ကို အခုတော့ အထီးကျန်လုံမပျို ရယ်လို့ တင်စားကြပါတယ်။ ဒီမျှော်စင်ဟာ လူတွေကို ဖမ်းစားနိုင်လွန်းတဲ့ အတွက်လည်း မျှော်စင်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုတွေ အကြိမ် ၄၀၀ လောက် ဖြစ်ပွားခဲ့တယ်။ ဒါကြောင့် အခုတော့ ရှိသမျှ မျှော်စင်ပလက်ဖောင်းတွေကို သံဇကာ ကာထားလိုက်ပါပြီ။
ဒီကို လာလည်သူပေါင်းကလည်း မနည်းဘူး။ နှစ်စဉ် ဧည့်သည်ဦးရေ ၆သန်းလောက် ရှိပြီး ၂၀၀၂ ခုနှစ်မှာတော့ လာလည်သူ စုစုပေါင်း သန်း၂၀၀ ပြည့်ခဲ့ပါတယ်။ တည်နေရာကတော့ Seine မြစ်ရဲ့နံဘေး Champ de Mars ရင်ပြင်ပေါ်မှာပါ။

အပေါ်ကို တက်ကြည့်မယ်ဆိုရင် လည်စရာ အဆင့်သုံးဆင့် ရှိပါတယ်။ ပထမ(အောက်ဆုံး) နဲ့ ဒုတိယအဆင့်တွေကို ခြေကျင်ဖြစ်ဖြစ်၊ ဓါတ်လှေကားနဲ့ဖြစ်ဖြစ် တက်လို့ရတယ်။ လှေကားထစ် ၃၀၀ စီလောက်တော့ တက်ရမယ်။ အဲဒီအဆင့်တွေမှာ စားသောက်ဆိုင်လည်း ရှိတယ်။ ဒုတိယအဆင့်ပေါ်က ကြည့်ရင်တော့ ပဲရစ်မြို့ရှုခင်းကို အကောင်းဆုံးမြင်နိုင်တယ်။ အထူးသဖြင့်တော့ နေမ၀င်ခင် တစ်နာရီလောက်မှာ ရာသီဥတုကလည်း ကြည်လင်တယ်ဆိုရင် ပဲရစ်မြို့ရဲ့ အထင်ကရ အဆောက်အအုံတွေအားလုံး သေချာမြင်ရပါတယ်။ အပေါ်ဆုံးအဆင့်ကိုတော့ ဓါတ်လှေကားနဲ့သာ တက်လို့ရပြီး ဒီ ၂၇၄ မီတာမြင့်တဲ့ အဆင့်ကနေကြည့်ရင် ၆၇ ကီလိုမီတာ အကွာအဝေး အထိ တမျှော်တခေါ်ရှုခင်းကို မြင်ရမှာပါ။
နွေရာသီမှာဆိုရင် ဒီ Eiffel Tower ကြီးဟာ အပူချိန်ကြောင့် ၁၅ စင်တီမီတာလောက်ထိ ပွတက်လာတတ်ပြီး လေပြင်းပြင်းတိုက်တဲ့ အခါတွေမျိုးမှာ သူ့ရဲ့မျှော်စင်ထိပ်ပိုင်းဟာ အများဆုံး ၁၂ စင်တီမီတာလောက်ထိ ဟိုဖက်သည်ဖက် ယိမ်းယိုင်သွားတတ် ပါတယ်တဲ့။






0 comments:

Post a Comment